အချစ်ကြောင့် မှားကြတယ်

သဘာဝကို ရှာဖွေခြင်း (သို့မဟုတ်) မှားယွင်းမှုရဲ့ အစ

တစ်မျှော် တစ်ခေါ် လယ်ကွင်း ပြင်ထဲက ဖူးသစ်စ စပါးပင် စိမ်းစိမ်းတွေဟာ  တိုက်ခတ် လာတဲ့ လေပြည်၊ လေညင်း တွေကြောင့် အစိမ်းရောင် ရေလှိုင်းတွေလို အိခနဲ၊ အိခနဲ ကြည့်လို့ ကောင်းနေ ခဲ့ပါတယ်။
ဟိုးဝေးဝေး သံလွင်မြစ်ကမ်း နံဘေးမှာ ပေါက်ရောက် နေတဲ့ ဓနိပင်တန်း စိမ်းမှောင်မှောင်တွေဆီက ထပျံလာဟန်ရှိတဲ့ ငွေဗျိုင်းဖြူ တစ်ကောင်ဟာ တောင်ပံဖြန့်၊ လေဟုန်စီးရင်း ကျွန်တော် ရပ်နေရာနဲ့ သိပ်မဝေးလှတဲ့ မီးရထား သံလမ်းနားက ချောင်းကလေး ရှိရာကို နိမ့်ကျဝဲပျံ ဆင်းသက် သွားခဲ့ပါတယ်။ စတိုင် ဘောင်းဘီရှားညို ရောင်ကို ခြေသလုံးသားပေါ်တဲ့အထိ ခေါက်လိပ်ပြီး ထရွိုင် စပို့ရှပ် ဆင်စွယ်ရောင်နဲ့ ဦးထုပ် အဖြူရောင် ဆောင်းထားတဲ့ ကျွန်တော်က ဖိနပ်စီး မလာတဲ့ အတွက် ခြေထောက်ဖြူဖြူတွေ ပေါ်မှာ ပေကျံနေတဲ့ ရွှံ့စက်တွေကို လယ်ကွက်ထဲက ရေတချို့နဲ့ ခြေတစ်ဖက်ခတ် ဆေးကြောလိုက်ပြီး ကျောပိုးအိတ်ထဲက ကင်မရာကို ထုတ်လိုက်ပါတယ်။ မီးရထား သံလမ်းနဲ့ အပြိုင် ပေါက်ရောက်နေတဲ့ ထန်းပင်တန်း တွေ ကြားထဲမှာ နွားနှစ်ကောင်ကို ခပ်ဖြည်းဖြည်း ဆွဲခေါ်သွားတဲ့ လယ်သမား တစ်ယောက်ရဲ့ ပုံဟန်ဟာ ကျွန်တော့် အာရုံကို ဖမ်းစားလိုက်တဲ့ အတွက် အဲဒီ ရှုခင်းကိုပဲ အမိအရ ဓာတ်ပုံ ရိုက်လိုက်ပါတယ်။

“ကလစ်”
“ကလစ်”

ဒီလိုနဲ့ပဲ ကျွန်တော့် စိတ်ထဲမှာ သဘာဝကျကျ လှပ နေတယ်လို့ ထင်မိသမျှ ရှုခင်း၊ ရှုကွက်တွေကို မပြတ်တမ်း ဓာတ်ပုံ ရိုက်နေပြီး တစ်နာရီလောက် ကြာလာမှ ရေငတ်ရ ကောင်းမှန်း သိလိုက်ရပါ တယ်။ မော်လမြိုင်မြို့နဲ့ သိပ်မဝေး လှတဲ့ အမေ့ဇာတိ ကော့ရပ်ရွာကို  နာရေးကိစ္စ တစ်ခုကြောင့် ရောက်လာရင်း ကျွန်တော် ငယ်စဉ်က လျှောက်သွားခဲ့ဖူးတဲ့ ရွာနီး ချုပ်စပ်တွေကို ကြည့်ချင်လာတဲ့ အတွက် တူတစ်ယောက်ရဲ့ စက်ဘီး ငှားစီး လာခဲ့မိတဲ့ ကျွန်တော်ဟာ ကျောပိုး အိတ်ထဲမှာ ရေသန့်ဘူး ပါမလာတာကို သတိ ရလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရှိတဲ့ လယ်တဲတစ် လုံးဆီ လျှောက်သွားခဲ့ပါတယ်။ လူသူ တစ်ယောက်မှ မရှိတဲ့ လယ်တဲထဲက သောက် ရေအိုးမှာ ရေအ၀ သောက်လိုက်ပြီး တဲအတွင်းဘက်ကို  အကဲခတ် ကြည့်မိတဲ့အခါ ခေါင်းအုံး ညစ်ညစ်တစ်လုံး၊  စောင်စုတ် တစ်ထည်၊ ဖျာဟောင်းတစ်ချပ်၊ ရေနံဆီမီး ခွက်တစ်လုံးနဲ့ အိုးခွက်၊ ပန်းကန်တချို့ကို တွေ့ရပါတယ်။ တဲခေါင်းရင်းဘက် ၀ါးကပ်စင် ပေါ်မှာတော့ သပြေ ပန်းအိုး တစ်လုံးနဲ့ ဘုရားပုံ တော်တစ်ခု ချိတ်ဆွဲထားတာ ကို သတိပြုမိပါတယ်။ ဒါပေမဲ့ ဘုရားစင်အောက်က ၀ါးထရံမှာ ညှပ်ထားတဲ့ ပလတ်စတစ် လောင်းထားတဲ့  ဓာတ်ပုံ တစ်ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ကျွန်တော့် ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားရ ပါတယ်။

“လှဌေး ပုံများလား”

နှုတ်က တိုးဖွဖွ ရေရွတ်လို့ ဓာတ်ပုံကို သေချာစူးစမ်း ကြည့်ရင်း ဓာတ်ပုံ နောက်ကျောက ကျွန်တော့် လက်ရေးတွေကို မြင်လိုက်ရတဲ့ အခါမှာ တော့ ကျွန်တော့် အထင်အမြင်တွေ မှန်သွားပြီ ဆိုတာ သိလိုက်ရပါတယ်။ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော် ကိုယ်တိုင် လှဌေးကို ရိုက်ပေးခဲ့တဲ့ ပုံပါပဲ။ ရန်ကုန်မှာ မွေးဖွားပြီး အသက် ၅ နှစ် အရွယ်မှာ မိဘမဲ့ ဘ၀ ရောက်ခဲ့ရတဲ့ ကျွန်တော်ဟာ အမေ့ အမျိုး တွေ ရှိရာ ရွာမှာပဲ ကြီးပြင်းခဲ့ ရပါတယ်။ လှဌေး အပါ အ၀င် ရွာက သူငယ်ချင်းတွေ နဲ့ ရွာကျောင်းမှာပဲ ၉ တန်း အောင်ခဲ့ပြီး နောက်ပိုင်း ရန်ကုန်က အဖေ့ အမျိုးတွေဆီ  ပြန်ရောက်သွားတဲ့ အခါ အဆင်ပြေ ချောမွေ့မှုများစွာ ထဲမှာ ကျွန်တော့်ဘ၀ နေသား ကျခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ကျွန်တော် ဘွဲ့ယူ အပြီးမှာတော့ ရွာက အမျိုးတွေ စုပေါင်း ရှင်ပြုပွဲ လုပ်တဲ့အတွက် ရွာ ရောက်လာခဲ့တဲ့ ကျွန်တော်ဟာ ငယ်သူငယ်ချင်း လှဌေးနဲ့ ပြန်ဆုံခဲ့ကြပြီး ရန်ကုန် မပြန်မချင်း မူးရူးသောက်စား လည်ပတ် နေခဲ့ရင်းက ကျွန်တော့်မှာ ပါလာတဲ့ ကင်မရာနဲ့ လှဌေးကို အမှတ်တရ ဓာတ်ပုံတစ်ပုံ ရိုက်ပေးခဲ့တာ မှတ်မိ နေပါသေးတယ်။

လှဌေး မဆုံးခင် ဒီတဲမှာ နေသွား ဖူးသလား။ တဲရှင်နဲ့ လှဌေး ဘယ်လို ပတ်သက် နေသလဲ။ ကော့ရပ်ရွာနဲ့ တစ်ရွာလောက်သာ ခြားတဲ့ ဒီနားက ရွာပြင် တဲတစ်လုံး ပေါ်မှာ ဒီဓာတ်ပုံ ဘယ်လိုက ဘယ်လို ရောက်နေသလဲလို့ စဉ်းစားမရ ဖြစ်နေစဉ်မှာပဲ တဲ အပြင်က နေပြီး ကျွန်တော့်ကို  ရပ်ကြည့်နေတဲ့ လယ်သမားကြီး တစ်ယောက်ကို တွေ့လိုက် ရပါတော့တယ်။

“ခွင့်မတောင်းဘဲ ရေ၀င်သောက်ပြီး ခဏ နားနေမိတာ  ခွင့်လွှတ်ပါ ဘကြီး။ ရေကလည်း ဆာ၊ လူကလည်း မရှိဆိုတော့ ကျွန်တော်လည်း”

“ရပါတယ်၊ ရပါတယ် ငါတူရယ်။ ခွင့်တောင်းစရာ မလိုပါဘူးကွယ်။ ဘကြီး တို့ လယ်တဲတွေမှာက ဒီလိုပဲ လူရှိရှိ၊ မရှိရှိ ဘယ်သူမဆို ၀င်ထွက် နားနေတတ်ကြ တာပါပဲ။ ရေသောက်ရုံတင် မက တဲထဲမှာ စားစရာ သောက်စရာ ရှိလို့ စားသောက် သွားကြပါစေဦး ဘယ်တဲရှင်မှ စိတ်မဆိုး တတ်ကြဘူး။ ရွာဓလေ့ပဲ ဆိုပါတော့ကွယ် ဟင်း ဟင်း ဟင်း”

ကွမ်းမပြတ် စားထားပုံ ရလို့ နီကျင်၊ ညိုမည်းနေတဲ့ သွားအစုံကို အသားကုန်ဖွင့် ပြီး ရယ်မောရှင်းပြနေတဲ့ အသားညိုညိုနဲ့ အသက် ခြောက်ဆယ်ကျော် အရွယ် လယ်တဲ ပိုင်ရှင်ဟာ ကျွန်တော့်ကို စူးစမ်းသလို ကြည့်ပြီး မေးခွန်းတွေ ထုတ်လာခဲ့ပါ တယ်။

“ဒါနဲ့ ငါ့တူက ဒီနားမှာ ရှိတဲ့ရွာတွေကတော့ ဟုတ်မယ် မထင်ဘူး။ ဧည့်သည် ထင်ပါရဲ့။ လူပုံစံ ကြည့်ရသ လောက်တော့ မြို့ကြီးသားပီပီ သသပါပဲ။ ဘယ်က လာသ လဲကွယ်”

“ရန်ကုန်က လာတာပါ ဘကြီး။ ဒီရွာနဲ့ မဝေးလှတဲ့ ကော့ရပ်ရွာက ဆွေမျိုး တစ်ယောက်ဆုံးလို့ နာရေးလာရင်း ဒီဘက် အလည် ထွက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ငယ်ငယ်က ရွာမှာပဲ နေခဲ့ဖူးတော့ ဒီဘက်ကရွာတွေ ခဏခဏ ရောက်ဖူးပါတယ်။ ၀ါး တားတားတော့ ဖြစ်နေပါပြီပေါ့ လေ”

“သြော် ကော့ရပ်ရွာကကိုး”

တစ်စုံတစ်ခုကို တွေးသလို ငေးသလိုဖြစ်သွားတဲ့ လယ်တဲရှင်ဟာ ကျွန်တော့် မျက်နှာကို ငေးကြည့် နေရင်း ကပဲ။
“ဆွေမျိုးတွေတော့ ကော့ရပ်မှာ ရှိပါသေးတယ်။ ဘကြီးလည်း ဘယ်မှမရောက်  ဖြစ်တာ ငါးနှစ်လောက် ရှိပါပြီ။ ဒီလယ်ထဲမှာပဲ ဖြစ်သလို နေထိုင်ရင်း ရွာထဲတောင် သိပ်မ၀င် ဖြစ်ပါဘူးကွယ်။ ဒါ နဲ့ ဒီရွာကို ဘာနဲ့ လာသလဲ ကွယ်”

“တူတစ်ယောက်ရဲ့ စက်ဘီးခဏ ငှားလာတာပါ။ ဒီရွာထဲက အိမ်တစ်အိမ်မှာ ခဏအပ်ထားပြီး ဓာတ်ပုံ ရိုက်ချင်လို့ ရွာပြင် ထွက်လာခဲ့တာ ပါ”

“ဟင် ဓာတ်ပုံ”

ဓာတ်ပုံဆိုတဲ့ စကား ကြောင့် လယ်တဲရှင်ဟာ အံ့သြသလို ဖြစ်သွားခဲ့ပါတယ်။
“ဓာတ်ပုံ ဆရာလား ကွယ့်”

“မဟုတ်ပါဘူး ဘကြီးရယ်။ အပျော်တမ်း ၀ါသနာ ပါလို့ လျှောက်ရိုက်နေတာပါ။ သြော် မေ့လို့။ ကျွန်တော့်နာမည် လင်းထွဋ်ပါ ဘကြီး”

ကျွန်တော့်စကားကို နား ထောင်ပြီး တစ်စုံ တစ်ရာကို သတိရသွားတဲ့ လယ်တဲရှင် ဟာ ဘုရားစင်အောက်က ဓာတ်ပုံဆီ အကြည့်ရောက် သွားခဲ့ပြီးမှ ကျွန်တော့်ကို လက်ညှိုးထိုးရင်း...
“ဒါ ဒါဆိုရင် ငါ့တူဟာ ဟို ဟိုဓာတ်ပုံထဲက လှဌေး သူငယ်ချင်းများလား”

“ဟုတ်ပါတယ် ဘကြီး။ ဘကြီးကရော”

အံ့သြ တုန်လှုပ်စွာနဲ့ မျက်ရည်ဝဲလာတဲ့ လယ်တဲ ရှင်ဟာ ရီဝေေ၀ မျက်ဝန်းတစ်စုံနဲ့ ကျွန်တော့်ကို ကြည့်ရင်း ပြောကြားလာတဲ့ စကားတွေ ကတော့...။
“ဘ ဘကြီးက မြခက် ရဲ့အဖေ။ လှဌေးရဲ့ယောက္ခမ  ဦးတင်ငွေ ဆိုတာပါပဲကွယ်”

“ဗျာ...”

အတိတ်က သူငယ်ချင်း

ကြွက်ကြော်နဲ့ ပဲကြီးလှော် ထည့်ထားတဲ့ အမြည်း ပန်းကန်ကို အလယ်က ထားပြီး ထန်းရည် ထည့်ထားတဲ့ ၀ါးကျည်တောက် တစ်လုံးနဲ့ အတူ အမြှုပ် တစီစီ ထနေတဲ့ ဖန်ခွက် နှစ်လုံးဟာ ကျွန်တော်နဲ့ လှဌေးကြားမှာ ရှိနေခဲ့ပါတယ်။ ရွာတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ကျွန်တော့်ဆွေ မျိုးတွေရဲ့ ရှင်ပြု မင်္ဂလာပွဲ ဆီက ထွက်ပေါ်လာတဲ့ ဆိုင်းသံ၊ ဗုံသံတွေဟာ တောင်လေနဲ့ အတူ လွင့်တစ်ချီ၊ ပျံတစ် လှည့်နဲ့ ကျွန်တော်တို့ နှစ်ယောက်ရှိရာ ရွာပြင် ထန်းတောကို ရောက်လာခဲ့ပါတယ်။ သိပ်မကြာခင် ရှင်လောင်း လှည့်တော့မှာ ဖြစ်တဲ့အတွက် အများကြီး မသောက်မစား ဖြစ်တဲ့ ကျွန်တော်ဟာ အရက်စွဲ နေပုံရတဲ့ လှဌေးကို စိတ်ပျက်စွာ ထိုင်ကြည့် နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လှဌေး ပြောလာတဲ့ စကားတွေဟာ အမှန်တွေ များမယ်လို့ ကျွန်တော် ရိပ်စားမိပါတယ်။

“မင်း စဉ်းစားကြည့်စမ်း လင်းထွဋ်။ ငါ ပေါင်း ရတာက သမီးကို။ ခုဟာက ယောက္ခမ မျက်နှာကိုကြည့်ပြီး အသက်တောင် ဖြောင့်ဖြောင့် မရှူရဲတဲ့ အဖြစ်ကွ။ ပစိပစပ် များလိုက်တဲ့ လူကြီး။ မြခက်ကို ငါရတာ ဘုရင်မကို ရသလောက်နီးနီး ထင်စေချင်သလား မသိပါဘူး ကွာ။ နှိပ်ကွပ်တာတော့ လက်ကုန်ပဲ။ ငါ့ခမျာ အိပ်ရာထဲ ရောက်မှ “သြော်  မြခက်ဟာ  ငါ့မိန်းမ ဖြစ်နေပါသေးလား”ဆိုပြီး သက်ပြင်းချခဲ့ရ တာချည်းပဲ”

“မင်း အပြစ်လည်း ရှိမှာပေါ့ လှဌေးရ”

“ရှိတယ်၊ ရှိတယ်။ အဲဒါတော့ ငါ မငြင်းပါဘူး။ ငါ့ယောက္ခမ ပြောသလို အစွမ်းအစ မရှိဘူးပေါ့ကွာ။ သူတို့လိုချင်တဲ့ ပုံစံမျိုးတော့ ဘယ်ရပါ့မလဲ။ ခုဟာက သူတို့ရွာလိုက်နေတဲ့အပြင် သူတို့အမျိုးအုပ်စုကြီးထဲမှာ ငါဟာ ကျွန်သပေါက်သာ သာမို့ ခံပြင်းရတာပါ။ ငါ လည်း တတ်နိုင်သမျှ လုပ် ကိုင်ပေးတာပါပဲကွာ။ သူတို့ ဘက်က စိတ်တိုင်းမကျတာ တော့ ငါလည်း မတတ်နိုင်ဘူး”

“အဲဒါနဲ့ပဲ ကလေးနှစ်ယောက် ရခဲ့တယ် ဆိုပါတော့”

“ဟုတ်တယ်။ ဒါပေမဲ့ မိန်းမနဲ့ ကလေးတွေကို ထားခဲ့ပြီး ငါ့ရွာ ငါပြန်နေနေတာ တစ်လ ရှိသွားပြီ သူငယ် ချင်း”

“ဒါဆို မင်းတို့ လင်မယား ကွဲနေကြပြီလား”

“ဆိုပါတော့ကွာ။ ကွဲလု ကွဲခင်ပေါ့”

ကျွန်တော် တစ်ယောက် ရွာနဲ့ ဝေးကွာနေတဲ့ ခြောက်နှစ်၊ ခုနစ်နှစ် အတွင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ကျ။ ကလေးတွေ မွေးပြီး မိန်းမနဲ့ ကွဲလုကွဲခင် ဖြစ်တဲ့အထိ အိမ်ထောင်ရေး နွံထဲမှာ စောစီးစွာ နစ်မွန်းခဲ့ ရတဲ့ သူငယ်ချင်း လှဌေးဟာ ကျွန်တော့်ထက်ကို အများကြီး အိုစာ နေပါတယ်။ တောရွာက လူငယ်တစ်ယောက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ကြိုးစား လုပ်ကိုင်ပေးနေသမျှ မယားနဲ့ ယောက္ခမရဲ့ လိုဘ မပြည့်ခြင်း၊ အားမလို အားမရ ဖြစ်ခြင်းတွေဟာ လှဌေး ကို စိတ်လေစပြု၊ အရက်စွဲခဲ့ပြီ ဆိုတာ ကျွန်တော် သဘော ပေါက်လိုက်ပါတယ်။

“သူတို့က ငါ့ကို ခပ်မြန်မြန် သူဌေး ဖြစ်စေချင်တာလေ။ မြခက် အဖေက မြခက်နဲ့ ငါ့ကို သဘော တူခဲ့တာမှ မဟုတ်တာ။။ သူသဘော တူတာ သူတို့ရွာက ကိုတင်မောင် နဲ့ပါ။ ဒီလူက အလုပ် ကြိုးစားတယ်။ လယ်ပိုင် အိမ်ပိုင်တွေ ရှိတယ်။ စပါးပွဲစား၊ နွားပွဲစား လုပ်ပြီး ငွေလျှံနေတာ ဆိုတော့ ငါ့ယောက္ခမ သဘောကျမယ် ဆိုကျ လောက်ပါတယ်လေ။ မြခက်ကို ငါ ခိုးပြေးကတည်းက သူ့ရည်ရွယ်ချက်တွေ ရိုက် ချိုးခံလိုက်ရမှာပေါ့။ ဘာပဲပြောပြော ငါနဲ့ ငါ့ယောက္ခမ ကတော့ တစောင်းစေးနဲ့ မျက်ချေးလိုပါပဲ သူငယ်ချင်းရာ”

မြခက်၊ ဦးတင်ငွေတို့နဲ့ အဆင်မပြေတာ များလာတဲ့ လှဌေးဟာ ကိုတင်မောင်နဲ့ ဦးတင်ငွေ စပါးစပ်တူလှောင်၊ စီးပွား ပေါင်းကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခံပြင်းစရာများ လာခဲ့သလို မြခက်နဲ့ ကိုတင် မောင်ရဲ့ ဆက်ဆံရေးကိုလည်း သံသယ ဖြစ်လာခဲ့တာ သေချာပါတယ်။ ဦးတင်ငွေ ကိုယ်တိုင်က အရည်အချင်း ရှိတဲ့ ကိုတင်မောင့် အကြောင်း ခဏခဏ ချီးမွမ်းခန်းဖွင့် သလို ကလေးနှစ်ယောက် အမေ မြခက်ကိုတောင် နွားမ ရွှံ့ပိတ် လုပ်ပြီး ကိုတင်မောင်နဲ့ ပေးစား ချင်နေတာကြောင့် ရေရှည် မခံစားနိုင်တော့တဲ့ လှဌေးဟာ သားမယားကို စွန့်ပြီး ဇာတိရပ်ရွာကို ခဏတာ ပြန်လာခဲ့တာမျိုးပါ။

“ဒါဆိုရင် မြခက်ကပါ မင်းကို မမက်တော့ဘဲ ကိုတင်မောင်ဘက် လှည့်ချင်တဲ့ သဘောလား”

“အခုချိန်ထိတော့ မဟုတ်သေးပါဘူး။ ငါနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒါပေမဲ့ကွာ မြခက်ကရော ဘာသားနဲ့ ထုထားတာ မို့လို့ လဲ။ သူ့အဖေ စကား နားဝင်ပြီး ချမ်းသာချင်စိတ် ပေါက်လာမှာပါ။ ကြာလာရင် မြ ခက်နဲ့ ငါ လုံးဝ ပြတ်သွားနိုင်တာ သေချာပါတယ် သူငယ်ချင်းရာ”

ဒီလိုနဲ့ပဲ ရှင်ပြု အပြီး ရွာမှာ တစ်ပတ်လောက် သောင်တင်ခဲ့တဲ့ ကျွန်တော်ဟာ လှဌေးကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးခဲ့ပြီး ဓာတ်ပုံနောက်မှာ ကျွန်တော့် နာမည်နဲ့ အမှတ်တရ စာသားတချို့ ရေးပေးခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို မြခက်ဆီ ခိုးကြောင်ခိုးဝှက် ပေးလိုက်တဲ့ အကြောင်းပါ သိခဲ့ရပါတယ်။ ကျွန်တော် ပြန်ခါနီးမှာတော့ လှဌေးရဲ့ သားမယား အပေါ် အချစ်ကြီးပုံ။ လယ်ပိုင် အိမ်ပိုင် မဖြစ်သရွေ့ သားမယားဆီ မပြန်ဘဲ ကြိုးစားရှာဖွေမယ် ဆိုတာတွေ။ အရက်၊ ထန်းရည် ဆိုတာတွေကို ပင်ပန်း၊ စိတ်ညစ် လွန်းမှ တစ်ခါတလေပဲ သောက်တော့မယ့် အကြောင်း။ နောက်တစ်ခါ ကျွန်တော် ရွာလာလည်ရင် သူ့ကို လူတော် လူကောင်းအဖြစ် အိုးပိုင်၊ အိမ်ပိုင်၊ လယ်ပိုင် ဘ၀နဲ့ သား မယားနဲ့ အတူတကွ တွေ့ရပါ စေမယ်ဆိုပြီး ကတိတွေ အထပ်ထပ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရွာက ပြန်လာပြီး ငါးနှစ် အကြာမှာပဲ လှဌေးတစ်ယောက် ရထား အကြိတ်ခံရပြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်း ကြားသိ ခဲ့ရပါတယ်။

အရက် အမူးလွန်ပြီး ရထား လမ်းပေါ်မှာ အိပ်ပျော်နေတဲ့ အတွက် အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားတယ် ဆိုတဲ့ လှဌေးရဲ့သတင်းကို ကြားကြားချင်း ကျွန်တော်လည်း ယူကျုံးမရ ဖြစ်ရပါတယ်။ နောက်ဆက်တွဲ ကြားရတဲ့ သတင်းအရ လှဌေးဟာ ငါးနှစ်အတွင်း လယ် ၅ ဧက၊ ခြံတစ်ကွက်၊ အိမ် ခပ်သေး သေးတစ်လုံး ပိုင်ဆိုင်ခဲ့ပြီး သားမယားကို သူ့ရွာ ပြန်ခေါ်ဖို့ လုံးပန်းနေစဉ်မှာ သေဆုံး  ခဲ့တယ် ဆိုတာပါပဲ။ လှဌေးရဲ့ အဖြစ်ကို သံဝေဂ ရပြီး ကျွန်တော်လည်း အိမ်ထောင် မပြုရဲလို့ လူပျိုကြီး ဘ၀ ရောက်တဲ့ အထိ အစွန်းရောက် ခဲ့တာလည်း အမှန်ပါပဲ။ တကယ်တော့ လိုဘမပြည့် နိုင်တဲ့ လူသားတွေထဲမှာ ဇနီး မယားနဲ့ ယောက္ခမဆိုသူတွေ အများဆုံး ပါတယ်ဆိုတဲ့ အတွေးတွေနဲ့ လုံးလည်ချာလည် လိုက်ခဲ့ရတဲ့ ကျွန်တော် ဟာ မြခက်နဲ့ ဦးတင်ငွေကို မမြင်ဖူးဘဲ မုန်းတီး နေခဲ့တာတော့ သေချာပါတယ်လေ။

ဝန်ခံသူရဲ့ နောင်တ တရားများ

မျက်ရည်စတွေ ဝေသီနေတဲ့ ဦးတင်ငွေဟာ ခေါင်းပေါင်းထားတဲ့ မျက်နှာသုတ် ပ၀ါကို ဖြေချပြီး စီးဆင်းစ ပြုလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်းကပဲ ရီဝေမှုန် ၀ါးနေတဲ့ မျက်ဝန်း တစ်စုံနဲ့ ခပ်လှမ်းလှမ်းက မီးရထား သံလမ်းကို ငေးကြည့်နေခဲ့ပါ တယ်။

“တကယ်တော့ ဘကြီးကို ရွာထဲက လူတွေကရော၊ လှဌေးရဲ့ ဆွေမျိုးတွေကပါ အတ္တကြီးတဲ့ အဘိုးကြီး၊ လှဌေး သေရတာ ဘကြီးကြောင့်လို့ စွပ်စွဲ သမုတ်ကြတာ မလွန်ပါဘူးလေ။ ဒါပေမဲ့ ငါ့တူရယ်၊ ဘကြီးစိတ် ထဲမှာ ငါ့သမီး၊ ငါ့မြေးတွေကို ချစ်လွန်းတာကြောင့် ရေရှည်မှာ သူတို့ မိသားစုတွေ  ဒုက္ခရောက်မှာ စိုးတာနဲ့ပဲ သမက် ဖြစ်သူကို ဖိအား ပေးသလို လုပ်ခဲ့မိပါတယ်။ လောင်းကစား၊ အရက် သေစာ မစွဲလမ်းဘဲ ဒါလုပ် ဆိုရင် ဒါတစ်ခုပဲ ကြိုးစား လုပ်တတ်တဲ့ စိတ်ဓာတ်ကိုတော့ ဘကြီး သဘော ကျပါတယ်။ အကွက် မမြင်တာ တော့ ခက်တယ်။ တင်မောင်နဲ့ ယှဉ်ပြီး မကြီးပွားရကောင်း လားလို့ ရှုတ်ချ၊ မျက်နှာသာ မပေးခဲ့တာလည်း မှန်ပါ တယ်။ ငါ့တူ သိထားသလို  မြခက်ကို တင်မောင်နဲ့ ပေးစားချင်ယောင်ယောင် လုပ်ခဲ့ မိပါတယ်။ ဒါကလည်း အကြောင်း ရှိပါတယ်ကွယ်။  မခံချင်စိတ်နဲ့ ကြီးပွားအောင် ကြိုးစား လာမလားလို့ပါ။

“ပိုဆိုးသွားတာက မြခက်ကလည်း ဘကြီး စိတ်တိုင်းကျ နေပေးခဲ့တာမျိုး ဆိုတော့ လှဌေး စိတ်ဆင်းရဲပြီး အရက် စွဲသွားမှာပေါ့။ တင်မောင်ကလည်း မြခက်ကို ဘယ်ဘ၀ ရောက်ရောက် မျှော်လင့်နေတာမျိုးလေ။ အဲဒီမှာ လှဌေးလည်း တစ်ပူပေါ် နှစ်ပူဆင့် သွားမှာပေါ့ကွယ်။  ဘာပဲဖြစ်ဖြစ် လူတွေဟာ ငါ့အိုး၊ ငါ့အိမ်၊ ငါ့မယား၊ ငါ့သားသမီးနဲ့ ပတ်သက်လာရင် အချစ်ကြီးပြီး အစွန်း ရောက်တတ်ကြပါတယ်။ အဲဒီလူစားထဲမှာ ဘကြီးလည်း ပါခဲ့တာပေါ့။ ဘကြီးလေ လှဌေး ဆုံးပြီးကတည်း က သူ မသေခင် ခိုးကြောင် ခိုးဝှက်နဲ့ နေသွားခဲ့တဲ့ ဟော ဒီလယ်တဲထဲမှာပဲ ဖြစ်သလို စားသောက် နေထိုင်ပြီး ရွာထဲ ပြန်မ၀င်ခဲ့တာ ၅ နှစ် ရှိပါပြီ။ ဘကြီးကိုယ် ဘကြီး ဒဏ်ခတ်တဲ့ သဘောလည်း ပါပါတယ်။ ငါ့တူ ရိုက်ပေး ခဲ့တဲ့ ဓာတ်ပုံကိုတော့ သမီး ပေးလို့ ဒီလယ်တဲမှာပဲ ဘကြီး ယူထားခဲ့ပါတယ်။  လှဌေးပုံကို မြင်ရင် ဘကြီးရဲ့ အမှားတွေကို နောင်တ ရနေချင်တာလည်း ပါပါတယ်ကွယ် အီး ဟီး ဟီး ဟီး”

ဆွေးဆွေးမြည့်မြည့် ပြောပြရင်း အော်ဟစ်ငိုယို လိုက်တဲ့ ဦးတင်ငွေကို ကျွန်တော်လည်း နှစ်သိမ့်ပေး ရပြန်ပါတယ်။
“ဒါဆိုရင် အဲဒီတုန်းက လှဌေးဟာ တကယ်ပဲ မူးမူး နဲ့ အိပ်ပျော်နေလို့ ရထား အကြိတ် ခံလိုက်ရတာလား ဘကြီး”

“အဲဒီလို ပြောကြတာ ပါပဲ။ ဘကြီးကတော့ မထင် ပါဘူး။ ကိုယ့်သမက်ဟာ ကိုယ့်သမီးနဲ့ မြေးတွေအပေါ် အချစ်ကြီးတယ် ဆိုတာ ဘကြီး သိပါတယ်။ ဒီကောင်က အရက်ကြောင် ကြောင်ပြီး  စိတ်ပျော့လွန်းတော့ ရူးကြောင်မူးကြောင် ဖြစ်နေတဲ့ သူ့စိတ်နဲ့ သူ ဒီလမ်းကို ရွေးသွားတာလို့ပဲ ဘကြီး ထင်ပါတယ်။ ငါတူတို့ရွာမှာ လှဌေး တစ်ယောက် လယ်ပိုင်၊ အိမ်ပိုင်တွေ ဖြစ်နေပြီလို့ ကြားကတည်းက ဒီရွာကို ဘယ်နေ့များ ပေါက်ချလာမလဲ ဆိုပြီး  ဘကြီး နေ့တိုင်း မျှော်ခဲ့ပါ တယ်။ သူဆုံးတဲ့ ညက ဘကြီးတို့ ရွာမှာ ဆွမ်းကြီးလောင်းပွဲ ရှိတယ်။ ဆောင်းတွင်းကြီးပေါ့ကွယ်။ လယ်တွေကို ဦးစီး လုပ်ကိုင်နေရတဲ့  ဘကြီးက ညဘက်ဆိုရင် ရွာထဲ ပြန်အိပ်တယ်။ ဒီလယ်ထဲမှာ ရွာက သူရင်းငှားကောင် လေးပဲ ကျန်ခဲ့တာများတာ ပေါ့လေ။ လသာတဲ့ညတွေ ဆိုရင် လှဌေးတစ်ယောက် ဒီလယ်တဲက တလင်းကို ရောက်ရောက်လာပြီး ဘကြီး လက်စမသတ်သေးတဲ့ အလုပ်တွေကို သူရင်းငှားနဲ့ ပေါင်းပြီး လုပ်ပေးလေ့ ရှိပါတယ်။

ဘကြီးလည်း သူ ရင်းငှားကောင်လေး ပြောပြလို့ သိသာသိနေပေမယ့် ယောက္ခမ ဆိုတဲ့ မာန်က မချ ချင်သေးပါဘူး။ မလာနဲ့လို့ မောင်းမထုတ်သလို လာလို့လည်း မဖိတ်ခေါ်ခဲ့ပါဘူး။ မသိချင်ယောင်ဘဲ ဆောင်ခဲ့ တယ်။ သူသာ သတိ္တရှိရင် ဘကြီးရှေ့ရောက်လာမှာပဲလို့ တွက်ထားခဲ့တာပါ။

“ဖြစ်ချင်တော့ ပွဲညမှာ မြခက်နဲ့ ကလေး နှစ်ယောက်က တင်မောင်နဲ့ အတူတွဲပြီး  ခေါက်ဆွဲဆိုင်မှာ ပြောဆို စားသောက် နေကြတာကို လှဌေး မြင်ပြီး ဒေါသဖြစ် သွားတယ်နဲ့ တူပါတယ်။ အဲဒီ ဆိုင်ထဲမှာပဲ လှဌေးနဲ့ တင်မောင် ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်တဲ့။ လူတွေကြားထဲ မှာ မြခက်ကို အော်ကြီးဟစ် ကျယ်စွပ်စွဲ သမုတ်တာနဲ့ မြခက်လည်း ရှက်ပြီး လှဌေးကို ပက်ပက်စက်စက်၊ နစ်နစ်နာနာ ပြန်ပြောလိုက်တာကို စိတ်ဓာတ် ကျသွားမှာပေါ့လေ။ တစ်ညလုံး ပွဲခင်းထဲမှာ မူးရူးသောက်စား နေခဲ့ပြီး ဟောဒီ လယ်တဲကို မိုးမလင်းခင် ပြန်ရောက်လာတယ်တဲ့။  သူရင်းငှား ကောင်လေး သောက်နေကျ အရက်တွေကို ထပ်သောက်ပြီး “ငါ့ရွာပဲ ငါ ပြန်တော့မယ်”ပြောရင်း ယိုင်ထိုးထိုးနဲ့ ထွက်သွားခဲ့တာကို  သူရင်းငှားက နောက်ဆုံး မြင်လိုက်ရတာတဲ့။

မိုးမလင်း တလင်းမှာ ရထားဥသြ မတရား ဆွဲနေတာကို သူရင်းငှားက အိပ်နေရင်း ကြားပေမယ့် ထမကြည့်ခဲ့မိဘူးတဲ့။ ရထားအကြိတ် ခံရတာဆိုတော့ မြင်ရက်စရာ မရှိပါဘူး ငါ့တူရယ်။ ဘကြီးလေ သူ့ရဲ့တစ် ပိုင်းတစ်စစီ ဖြစ်နေတဲ့ အလောင်းကို သွားကြည့်မိတဲ့ အထိ ဘာမှ မဖြစ်သေးပါဘူး။ သုံးရက်လောက် နေမှ ရထား လမ်းဇလီဖားတုံး တစ်တုံးပေါ်မှာ မီးသွေးနဲ့ ရေးသွားခဲ့တဲ့ စာကိုမြင်မှ ဘကြီး ရင်ကျိုးရတာပါ။ သေချာပါတယ်ကွယ်။ အဲဒီစာ သူပဲ ရေးခဲ့တာပါ။

“သူတို့ လိုချင်တာ ပေးနိုင်ပေမယ့် ကိုယ်လိုချင်တာ မရနိုင်တော့တဲ့ အတွက် အဝေးကို ထွက်သွားတာပဲ ကောင်းပါတယ်”တဲ့။

အီး ဟီး ဟီး။ အဲဒီ အဝေး ဆိုတာကို သူ တကယ်  ရောက်သွားသလား။ မူးမူးနဲ့ပဲ သံလမ်းပေါ် အိပ်ပျော်သွား သလား။ သူသာ အသိဆုံး ဖြစ်မှာပါ။ အဲဒါ ဘကြီးကြောင့်၊ ဘကြီးသာ အတ္တ မကြီးခဲ့ရင် သူ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ဘကြီးလေ အတ္တကြီးကောင်း ကြီးမိမှာပါ။ အဲဒါကလည်း သူတို့ မိသားစု နောင်ရေး စိတ်အေးရအောင် ကြီးမိတဲ့ ဖခင်တစ်ယောက်ရဲ့ အတ္တကြောင့် ဆိုတာ ဘကြီး ကျိန်ပြောရဲပါ တယ်ကွယ်။ ဘကြီး သမက်ကို ကြီးပွား စေချင်လွန်းလို့၊ စွမ်းဆောင်နိုင်စွမ်း ရှိစေချင် လွန်းလို့ ဒီလို ဆက်ဆံပြုမူခဲ့ရ တယ်ဆိုတာကို သေရွာက လှဌေးသိရင် ဘကြီး သေပျော်ပါပြီကွယ် အီး ဟီး ဟီး”
ဝမ်းနည်း ကြေကွဲနေတဲ့ ဘကြီး တင်ငွေရဲ့ လယ်တဲက တစ်လှမ်းချင်း ထွက်ခွာ လာမိတဲ့ ကျွန်တော်ဟာ ရထားသံ လမ်းရှိရာဘက် ရောက်သွားခဲ့ပြီး လှဌေး သေဆုံးခဲ့တယ် ဆိုတဲ့ နေရာအနီး တစ်ဝိုက်က ဇလီဖားတုံးပေါ်မှာ မီးသွေးနဲ့ ရေးသွားခဲ့တယ် ဆိုတဲ့ စာသား တချို့ကို တွေ့လိုတွေ့ငြားရှာ ဖွေကြည့်မိပါတယ်။ မတွေ့ခဲ့ရပါဘူး။ တကယ်တော့ အချိန်၊ ကာလ၊ ရာသီရဲ့တိုက်စားမှုတွေဟာ သက်သေဆန်တဲ့ အရာဝတ္ထု တချို့ကို မှေးမှိန်ပျောက်ပျက် စေတာ သေချာခဲ့ပေမယ့် သက်ဆိုင်သူ လူသားတွေရဲ့ ရင်ထဲမှာ ရှိတဲ့ စိတ်ခံစားချက်တွေကတော့ ကျောက်စာ ထွင်းထားသလို သေရွာအထိ ပါသွား နိုင်တယ် ဆိုတာ သေချာသ လောက်ပါပဲလေ။

အချစ်ကြောင့် ကျတဲ့မျက်ရည်

ရွာမြောက်ပိုင်းမှာ နေတယ်ဆိုတဲ့ မြခက်ရှိရာ လှဌေး ရှာဖွေ ထားရစ်ခဲ့တဲ့ အိမ်ကို မေးမြန်းပြီး ကျွန်တော် ရောက်ရှိသွားတဲ့ အခါမှာတော့ နွားတင်း ကုပ်ထဲမှာ အလုပ် ရှုပ်နေတဲ့ မိန်းမ တစ်ယောက်ဟာ ကပျာကယာပဲ လက်ဆေးပြီး အိမ်ရှေ့ဘက် ထွက်လာခဲ့ပါတယ်။ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး မျက်လွှာချ၊ ပါးစပ်တပြင်ပြင် ဖြစ်နေတဲ့ အတွက် ကျွန်တော်ကပဲ စတင်မိတ်ဆက် လိုက်ရပါတယ်။

“ကျွန်တော် လှဌေး သူငယ်ချင်း လင်းထွဋ်ပါ။ လှဌေးကို သတိရလို့ ဒီအိမ် လာလည်တာပါ။ ကျွန်တော် လည်း ဒီရွာကျောင်းမှာ ကိုးတန်းအထိ နေခဲ့ဖူးတယ်လေ။  ခုတော့ ရန်ကုန်မှာ အခြေကျ နေပါပြီ”

ရှိရင်းစွဲ အသက်ထက် အိုစာ လွန်းနေမှာ သေချာတဲ့ အမျိုးသမီးဟာ ကျွန်တော့် စကားတွေကြောင့် တွေခနဲ ဖြစ်ပြီး မျက်ရည် ၀ဲသွားပါ တယ်။

“ကျွန်မ လှဌေး မိန်းမ မြခက်ပါ။ လာ ကိုလင်းထွဋ်၊ အိမ်ပေါ်တက်ပါ။ ကိုလင်းထွဋ်ကို ကျွန်မ မမြင်ဖူးပေ မယ့် ရှင့်သူငယ်ချင်းက ကျွန်မနဲ့ ညားပြီး ကတည်းက ခဏခဏ ပြောပြတတ်လို့ နာမည်ကို သိပြီး ရင်းနှီးနေ ပါတယ်။ ကိုလင်းထွဋ် ရိုက်ပေးခဲ့တယ် ဆိုတဲ့ သူ့ရဲ့တစ်ခုတည်းသော ဓာတ်ပုံ ကျွန်မကို ပေးခဲ့ဖူးတယ်လေ။ ကို လင်းထွဋ်အမျိုးရဲ့ နာရေးကို လာရင်း ဒီရွာ ရောက်နေတယ် ဆိုတာ ကျွန်မ ကြားပါတယ်။ ဒါပေမဲ့ ကျွန်မ အကြောင်း သေချာမသိတဲ့၊ ကျွန်မ မမြင်ဖူးတဲ့ လူကို ကျွန်မ လာမနှုတ် ဆက်ရဲပါဘူး။ ထိုင် ကိုလင်းထွဋ်”

စကား တပြောပြောနဲ့ အိမ်ပေါ် ခေါ်တင်ရင်း သင်ဖြူးဖျာချော တစ်ချပ်ခင်းပြီး ရေနွေးအိုးချ၊ ထန်းလျက် ပန်းကန်တည်နဲ့ ဇယ်ဆက်သလို လုပ်ကိုင်နေတဲ့ မြခက်ဟာ အိပ်ခန်းဝက လိုက်ကာစကို ဆွဲရင်း မျက်ရည်စကို ကျိတ်တို့လို့ ကျွန်တော့်ရှေ့မှာ လာထိုင်ပါတယ်။

“ကျွန်တော် မနေ့ကပဲ ဘကြီး တင်ငွေတဲ ရောက်သွားတယ် မမြခက်။ လှဌေးနဲ့ မမြခက်တို့ အကြောင်းတွေ သေချာ သိရလို့ စိတ်မကောင်း ဖြစ်ရပါတယ်ဗျာ။ မငိုပါနဲ့ မမြခက်ရယ်။ နှစ်တွေလည်း ကြာခဲ့ပါပြီ”

“မှန်ပါတယ်လေ။ ဘေးလူ တစ်ယောက် အနေနဲ့ ၅ နှစ်ဆိုတဲ့ ကာလဟာ ကြာကောင်း ကြာနေမှာပါ။ ကျွန်မ အဖို့တော့ မနေ့ တစ်နေ့ကလို ထင်နေတုန်းပါပဲရှင်။ ကျွန်မလေ ကိုလှဌေး ဆုံးပြီးက တည်းက ယောက်ျားဆိုရင် ဘယ်ယောက်ျားကိုမှ မျက်နှာချင်း ဆိုင်ပြီး စကား မပြောခဲ့တာ ဒီနေ့ အထိပါပဲ။ ဒီနေ့တော့ ကိုလှဌေး မသေခင် ကြားသွားချင်တဲ့ စကား တွေကို သူ့ကိုယ်စား နားထောင်ပေးဖို့ လူတစ်ယောက်  ကျွန်မ ရှေ့ရောက်အောင် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လွှတ်ပေးလိုက်တယ်လို့ပဲ ကျွန်မ ယူဆပါတယ်။ အဲဒါကြောင့် ကိုလင်းထွဋ်နဲ့ စကားပြော ဖြစ်တာပါ”

မြခက် စကားကြောင့် ကျွန်တော်လည်း အံ့သြသလို ဖြစ်သွားရပါတယ်။ ဒါပေမဲ့ မြခက်ကိုတော့ အများကြီး မယုံစား ရဲသေးပါဘူး။ ရွာထဲက ကျွန်တော့် အမျိုးတွေ ပြောပြပုံအရ ကိုတင်မောင်နဲ့ မရှင်းမရှင်းဖြစ်ခဲ့တာတွေ၊ လင်သေမှ ဒီအိမ်၊ ဒီလယ် တွေကို သူ ပိုင်ပါတယ် ဆိုပြီး  သားနှစ်ယောက် ဗန်းပြလို့ ဒီ ရွာကို ရောက်လာခဲ့တာတွေ၊  ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံကို ပုံကြီးချဲ့လို့ အိမ်ဦးခန်းမှာ အခန့်သား ချိတ်ဆွဲပြီး ငိုပြ  လွမ်းပြနေခဲ့တာတွေ၊ လှဌေးရဲ့ အမျိုးတွေက အကျယ်၊ အကျယ် မဖြစ်ချင်လို့ လှဌေး  ပိုင်ဆိုင်သမျှ ပေးလိုက်ရတာတွေ ကျွန်တော် သိထားပြီးပြီ ဖြစ်လို့ လှဌေးတစ်ယောက် ရူးမူးစွာ ချစ်ခဲ့ရတယ်ဆိုတဲ့ မြခက်ကို ခပ်တည်တည်ပဲ စိုက်ကြည့်နေမိပါတယ်။ ဒီလိုနဲ့ပဲ မြခက်ရဲ့ အတွင်းသဘော အမှန်ကို သိချင်လာတဲ့ အတွက် သွေးတိုးစမ်း စကားတွေ ပြောခဲ့မိပါတယ်။

“လှဌေး ဆုံးခဲ့တာ ၅ နှစ် ကျော်ခဲ့ပြီပဲဗျာ။ ကလေး နှစ်ယောက် ရှေ့ရေးအတွက် အိမ်ထောင် ထပ်မပြုသေးဘူး လား။ ပြုသင့်ပြုထိုက်တဲ့ လူ တွေ့ရင်ပြုပါ မမြခက်ရယ်။ လှဌေးလည်း ခွင့်လွှတ်နိုင်မှာပါ”

ကျွန်တော့်ဘက်က အဲဒီလို ပြောလာလိမ့်မယ်လို့ ထင်မထားတဲ့ အတွက် မြခက်ဟာ မသိမသာ အံကြိတ်ရင်း စိတ်ပျက်သလို ဖြစ်သွားတဲ့မျက် နှာကို ဖျတ်ခနဲ ပြင်လိုက်ရင်း ကပဲ-
“ကျွန်မလေ သူများတွေလို စကားကို ဖွဲ့နွဲ့ ပြီးတော့လည်း မပြောတတ်ပါ ဘူး။ လှည့်ပတ်ပြီးတော့ လည်း မဆိုတတ်ပါဘူး။ ကျွန်မ ရင်ထဲမှာ ခုချိန်အထိ ရှိ နေတဲ့ ဆန္ဒတစ်ခုကို ပြောပါ ဆိုရင် ကိုလှဌေးဟာ ကျွန်မ ယောက်ျား၊ သူ့ကို ကျွန်မ သတိ ရနေတုန်းပဲ။ သူကလွဲ ပြီး ကျွန်မသေလို့ အရိုးဆွေးတဲ့ အထိ နောက်ထပ် ဘယ်ယောက်ျားကိုမှ မချစ်မိစေရဘူး။ မပတ်သက်စေရဘူး ကိုလင်းထွဋ်”

“ကျွန်တော့် စကား မှားသွားရင် စိတ်မဆိုးပါနဲ့ဗျာ။ ဒါပေမဲ့ ကျွန်တော် သိချင် တာလေးရှိလို့ မေးကြည့်ပါရ စေ။ လှဌေး ဆုံးမယ့်ညက ဘာဖြစ်လို့များ ကိုတင်မောင်နဲ့ အတူ ခေါက်ဆွဲဆိုင်မှာ ထိုင် ပြီး လှဌေးကို ရက်ရက်စက်စက် စကားတွေနဲ့ ရန်တွေ့ လိုက်ရတာလဲဗျာ”

ကျွန်တော့် စကားကြောင့် မဲ့ပြုံးပြုံးသွားတဲ့ မြခက်ဟာ ပြုံးနေရင်းကပဲ မျက်ရည်တွေ တပေါက် ပေါက်ကျလာခဲ့ရပါတယ်။ မြခက်ဖြစ်နေပုံကို ကြည့်ပြီး ဖုံးကွယ်နေတဲ့ အမှန်တရားတွေ ကြားရတော့မယ်ဆိုတာ  ကျွန်တော် အတပ် သိလိုက် ပါတယ်လေ။

မှားနေတဲ့ အမှန်တရားများ


“တကယ်တော့ ကိုလင်းထွဋ်ရယ်၊ ယောက်ျား လေးတွေဟာ မိန်းမတွေရဲ့ အတွင်းသဘောကို ပြည့်ပြည့်စုံစုံ မသိနိုင်ကြဘူးဆိုတဲ့ စကားဟာ ဟိုးရှေးခေတ် ယောက်ျားတွေက အစ ခု ခေတ်ယောက်ျားတွေ အဆုံး မှန်နေပါသေးတယ်။ အဖေ့ လုပ်ရပ်တွေကို မီးစင်ကြည့်ပြီး ကခဲ့ရပေမယ့် ကျွန်မ  တစ်နေ့မှ မပျော်ပါဘူး။ ကိုလှဌေးသာ ကျွန်မ အနားမှာ ရှိပြီး ထမင်းနပ်မှန် နေမယ်ဆိုရင် လယ်တွေ၊ အိမ်တွေ လည်း ကျွန်မ မမက်ပါဘူး။ ကိုတင်မောင့်ကို အလိုက်အထိုက် ဆက်ဆံရတယ် ဆိုတာက အဖေ့ကို ကြောက်တာလည်း ပါတယ်။ အဖေ့ အရိပ်ကို ခိုနေရသေးတာလည်း ပါတာပေါ့လေ။ အဖေ့စကား အတိုင်း ကိုလှဌေးကို ကြီးပွားစေချင်တဲ့ ဇနီးမယား တစ်ယောက်ရဲ့ အတ္တနဲ့ လိုဘ မပြည့်မှုလို့ပဲ သတ်မှတ်ချင် သတ်မှတ်ပါ။ ကျွန်မ ခံပါ့မယ်။ ကိုလှဌေးနဲ့ ကွဲသ လိုလို ဖြစ်နေတဲ့ ၅ နှစ် အတွင်း ကိုတင်မောင့်ကို စိတ်ပါတယ် ဆိုရင် ဗြောင်ကျကျ ကျွန်မ ယူပြလိုက်ရုံပါပဲ။ ဘာ အခက်အခဲ အတားအဆီးမှ မရှိဘူး။

အဲဒီ ပုံစံမျိုး ဖြစ်အောင် အဖေ့ဘက်ကလည်း အတင်းအကျပ် မတိုက်တွန်းခဲ့ပါဘူး။  ခုချိန်မှာတော့ ကိုတင်မောင် လည်း ကျွန်မရဲ့ သဘောထား အမှန်ကို သိသွားတဲ့ အတွက်  တစ်ရွာသူနဲ့ပဲ အိမ်ထောင်ပြု လိုက်ပါပြီ။ ကျွန်မတို့ မျိုးရိုးထဲမှာ မျက်နှာများ ဖောက်ပြန် တတ်တဲ့ မိန်းမ၊ တစ်လင်က နှစ်လင်ပြောင်းတဲ့ မိန်းမတစ် ယောက်မှ မရှိခဲ့ပါဘူး။ ကို လှဌေးဟာ ကျွန်မလင်။ ဆိုးဆိုးကောင်းကောင်း သေသည်အထိ ဒီတစ်ယောက်ပဲပေါင်း ရတော့မယ်ဆိုတာ မင်္ဂလာဦး ညကတည်းက ဆုံးဖြတ်ခဲ့ပြီး သားပါလေ။

“ဒါပေမဲ့ ရှင့် သူငယ် ချင်းက တုံးလွန်းတယ်။ တုံး တယ်ဆိုတာထက် ရိုးလွန်း၊ အ လွန်းတယ်လို့ ပြောရမှာ ပေါ့လေ။ အဖေ့ကို ကြောက်လို့ ကျွန်မကို မကပ်ရဲဘူးဆို တာ မှန်ပေမယ့် ကျွန်မဟာ သူ့ဇနီးမယားလေ။ အချိန် မရွေး ပြန်ဆွဲခေါ်လို့ရတာပဲ မဟုတ်ဘူးလား။ နှစ်တွေ အကြာကြီး ကျွန်မတို့သား အမိကို ပစ်ထားဖို့ မသင့်ပါ ဘူး။ သူ့ဘာသာ ကျွန်မနဲ့ ကိုတင်မောင်ကို အမြင်လွဲပြီး  အပြတ်ဖြတ်ခဲ့တာကို ကျွန်မ ဘက်က အာမဘန္တေ ခံပြီး လိုက်တောင်းပန် နေရဦးမှာလား။ ကျွန်မ မလုပ်နိုင်ဘူး။ လုပ်လည်း မလုပ်ခဲ့ဘူး ကိုလင်းထွဋ်။ ကျွန်မတို့ရွာ  တွေမှာ နေချင်သလို နေလို့ မရပါဘူး။ ပျိုပျိုအိုအို မိန်းမ သားသိက္ခာ ဆိုတာ ရှိကိုရှိ၊  ထားကိုထားရပါတယ်။ အဲဒါ တွေကို ရှင့်သူငယ်ချင်း သဘောမပေါက်ခဲ့ဘူး။ အီး.. ဟီး...ဟီး...။ ကျွန်မလေ ဟောဒီ ကော့ရပ်ရွာမှာ ကိုလှဌေးတို့ အိမ်တွေ၊ လယ်တွေ ပိုင်နေပြီကြားကတည်းက ၀မ်းသာလိုက်ရတာ။ ဘယ်နေ့ များ ကျွန်မတို့ သားအမိတွေကို အဖေ့ဆီက လာပြန်ခေါ် မလဲလို့ မျှော်လိုက်ရတာ။ အဖေ့ ဆန္ဒလည်း ပြည့်ပြီလေ။

“အဖေ့ လယ်တဲမှာ လာ လာအိပ်တယ်။ အဖေ့သူရင်း ငှားနဲ့ ပေါင်းပြီး အဖေ မသိ အောင် ၀ိုင်းလုပ်ပေးတယ်ဆို တာလည်း ကျွန်မ ကြားပါတယ်။ ကျွန်မလေ မိန်းမ သိက္ခာကို ခ၀ါချပြီး အဖေ မသိအောင် ခိုးထွက်ရင်း သူရှိရာ လာချင်နေတာ တစ်ပိုင်း သေလို့ပေါ့။ ဒါပေမဲ့ ရှင့်သူငယ်ချင်းက ကျွန်မကို မဆက်သွယ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရွာမှာ ပွဲဖြစ်တော့ ဒီပွဲကို သူ လာလိမ့်မယ် ဆိုတာ ကျွန်မ အတပ်သိနေခဲ့ပါ တယ်။ မှောင်စ ပျိုးပြီးက တည်းက သားနှစ်ယောက် လက်ဆွဲပြီး ကျွန်မလည်း သူ့ကို ဟန်ရေး ပြရင်းရှာနေ၊ သူကလည်း ကျွန်မကိုရှာနဲ့ တေ့လွဲ လွဲနေကြမှာပေါ့။ အော် ပရာထွက်ခါနီး ရောက်မှ ကျွန်မတို့ သားအမိနောက်က နေ ခိုးကြောင်ခိုးဝှက် လိုက် နေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မလေ အသည်း တွေ ယားလိုက်တာ မပြောပါနဲ့တော့။ ငါ့မယား၊ ငါ့သား ဆိုတဲ့အတွေး သူ့မှာ ရှိမှရှိ သေးရဲ့လားလို့ နောက်လှည့် ရန်တွေ့ပြီး မေးလိုက်ချင်တာ ပါးစပ်ကို ယားနေတာပဲ။ က လေး နှစ်ယောက်ကလည်း သူတို့အဖေဆိုတာ သိနေတော့ လှည့်ကြည့်လှည့်ကြည့်ဖြစ်နေ ကြတာ။
“ဖြစ်ချင်တော့ ကလေးတွေ ဗိုက်ဆာတယ် ပြောလို့ ခေါက်ဆွဲဆိုင် ၀င်ကြတဲ့အခါ  သူ လိုက်ဝင်မလာဘူး။ အဲဒီ မှာ ကိုတင်မောင် တစ်ယောက် ကျွန်မတို့ သားအမိကို ဘယ်လိုက ဘယ်လို မြင်သွားသလဲ  မပြောတတ်ပါဘူး။ ကျွန်မတို့ စားနေတဲ့ဝိုင်းကို ၀င်ချလာ တာပါပဲ။ ကျွန်မလေ ကိုတင် မောင်ကို အနူးအညွတ် တောင်းပန်ပြီး ပြန်ခိုင်းပါ သေးတယ်။ မူးမူးရူးရူးနဲ့ ပေကတ်ထိုင်ပြီး ရစ်နေတော့ ကျွန်မလည်း ရှက်ပြီး စိတ် တွေညစ်လိုက်ရတာ မပြော ပါနဲ့တော့။ အဲဒီ အဖြစ်ကို ရှင့် သူငယ်ချင်းက သဘော မပေါက်ဘဲ ကျွန်မနဲ့ ကိုတင် မောင့်ကို အတူတူနဲ့ အနူနူလို့   ထင်သွားမှာပေါ့။ ဆိုင်ထဲ ၀င်လာပြီး ကိုတင်မောင်နဲ့ ရန် ဖြစ်ကြတာပါပဲ။ ကျွန်မနဲ့ ကိုတင်မောင့်ကို သမုတ် လိုက်တာလည်း ရစရာ မရှိဘူး။ လူတွေအုံခဲပြီး ကြည့်နေလို့ ကျွန်မလည်း ရှက်ရှက်နဲ့ ကိုလှဌေးကို ရစရာ မရှိအောင် ရန်တွေ့ ခဲ့မိပါတယ်။ အဲဒါ ကျွန်မ မှားသလား၊ ပြောပါ ဦး ကိုလင်းထွဋ်ရဲ့ အီး ဟီး ဟီး။ ကျွန်မလေ မှားကောင်း မှားနေမှာပါ။ အဲဒါဟာ သူ့ကို ချစ်လို့၊ အားမလို အားမရ ဖြစ်လို့ မှားတဲ့ အမှား ဆိုတာ ကျွန်မ ကျိန်ပြောရဲ ပါတယ် ရှင်။

“အဲဒီည မိုးမလင်းခင်မှာ သူ ဆုံးတယ်လည်း ကြားရော ကျွန်မလေ ရူးမတတ် ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ် မယ်မှန်း ကြိုသိခဲ့ရင် သူရှိရာ လယ်တဲ လိုက်သွားပြီး“ကျွန်မလည်း ရှင်နဲ့ အတူနေမယ်၊ ရွာထဲ မပြန်တော့ဘူး”လို့ လုပ် ကောင်း လုပ်မိမှာပါ။ သူ့ ဘက်က တေမိ လုပ်နေသမျှ ကျွန်မ သိက္ခာ ကျချင် ကျပါစေ၊ အဖေ စိတ်ဆိုးပြီး ရိုက်နှက် ကန်ကြောက်လို့ အိမ်ပေါ်က မောင်းချပါစေ ကျွန်မ ခံလိုက်ပါဦးမယ် အီး ဟီး ဟီး။ နောက်ဆုံးတော့ ရှင့်သူငယ်ချင်းက ကျွန်မကို အနိုင်ပိုင်း သွားခဲ့တယ်လေ။ သူ ဆုံးပြီးနောက်ပိုင်း ဟောဒီရွာ မှာရော ကျွန်မရွာမှာပါ ကျွန်မ ဘ၀ဟာ “မိန်းမမိုက်၊ မိန်းမယုတ်”ဆိုပြီး ရေစုန်မျော ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုလှဌေး အပေါ် ကျွန်မထားတဲ့ သစ္စာတရားကို နတ်တွေ၊ သိကြားတွေ သိရင် တော်ပြီ ဆိုပြီး ဒီနေ့အထိ ဘယ်သူ့ အကူအညီမှ မယူဘဲ ကိုလှဌေး ရှာဖွေ ပေးသွားတာနဲ့ ကျွန်မ သားနှစ်ယောက်ကို အဆင် ပြေအောင် ရှာဖွေ ကျွေးမွေးခဲ့တယ်။ အဖေ့ဆီတောင် သိပ် မပြန်ဖြစ်ဘူး။ နောက်ဆုံး ကျွန်မဘက်က ရုန်းကန် ရှာဖွေနေရင်း မတ်တတ်က လဲကျ သေသွား ပါစေဦး သားနှစ်ယောက် အတွက် တာဝန်ကျေတဲ့ မိခင်ဖြစ်ရင် ကျွန်မ ကျေနပ်ပါပြီရှင် အီး ဟီး ဟီး”

အဲဒီ အချိန်မှာပဲ အလယ်တန်း ကျောင်းသား အရွယ်ကောင်လေး နှစ်ယောက်ဟာ လွယ်အိတ် ကိုယ်စီနဲ့ အိမ်ပေါ် ပြေးတက်လာကြပြီး ကျွန်တော့်ကို မြင်တဲ့ အခါမှာတော့ ကိုယ်ရှိန် တန့်လိုက်ရင်း ကပဲ ရှက်ကိုးရှက်ကန်း ပုံစံတွေ ဖြစ်သွားကြပါတယ်။ မြခက်ကတော့ မျက်ရည်တွေ ကပျာကယာ သုတ်ပြီး သူ့ကလေးတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပါတယ်။

“ကဲ သားတို့၊ အဲဒီဦးက သားတို့ အဖေရဲ့ ငယ်သူ ငယ်ချင်း ဦးလင်းထွဋ် ဆိုတာပေါ့။ အမေ ခဏခဏ ပြောပြ ဖူးတယ်လေ။ မှတ်မိသေးရဲ့ လား။ ရန်ကုန်မှာ နေတယ် ဆိုတာလေ”

သူတို့အမေ စကား ကြောင့် မျက်ဝန်းကလေးတွေ မှိုင်းမိသွားကြတဲ့ ကောင်လေး နှစ်ယောက်ဟာ ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ကြည့်နေခဲ့ပါတယ်။  သိပ်မကြာခင်မှာပဲ လှဌေးငယ်ငယ်က ရုပ်နဲ့ ချွတ်စွပ်နီးပါး တူတဲ့ အကြီးကောင် ကလေးဟာ ကျွန်တော့်ကို ခပ်အန်းအန်း ပုံစံနဲ့ ပြုံးပြပြီး...
“သိပါတယ်။ မှတ်မိပါတယ် အမေ။ အဖေ့ကို ဓာတ် ပုံရိုက်ပေးခဲ့တဲ့ ဦးလင်းထွဋ် မဟုတ်လား။ ဟိုမှာလေ ဦး ရိုက်ပေးခဲ့တဲ့ဓာတ်ပုံ”

အကြီးကောင်လေး ညွှန်ပြရာကို ကျွန်တော် ကြည့်လိုက်တဲ့ အခါမှာတော့ ခေတ်ပေါ် နည်းစနစ်တွေနဲ့ ပြန်ကူးပြီး ပုံကြီးချဲ့ထားတဲ့၊ ကျွန်တော် ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံထက် လေး၊ ငါးဆလောက် ကြီးနေတဲ့ ဓာတ်ပုံ ထဲက လှဌေးဟာ ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်နေခဲ့ပါ တယ်။ ကျွန်တော့် အာရုံထဲမှာ တော့ လှဌေးရဲ့စကားသံတွေကို ကြားနေရသလိုလိုပါပဲ။
“မင်းမတွေ့ဖူး၊ မမြင်ဖူးတဲ့ ငါ့မိန်းမနဲ့ ငါ့သားတွေဆီက မင်းကို ကောင်းကောင်း ကြီး သိနေတယ်ဆိုတဲ့ အကြောင်း ကြားရလို့  အံ့သြနေသလား သူငယ်ချင်း။ မအံ့သြပါနဲ့ ကွာ။ မင်းရွာက ထွက်သွား ပြီးကတည်းက ငါနဲ့ ပတ်သက် ခင်မင်သမျှ လူတွေကို မင်းအကြောင်းတွေ တသသ၊ တဖွဖွ ပြောခဲ့မိတာကိုး။ မြခက်ကို ဆိုရင် ပိုဆိုးတာ ပေါ့ကွာ။ အဲဒါ ဘာကြောင့်လို့ မင်းထင်သလဲ သူငယ်ချင်း။ မင်းကို ငါဘယ်လောက် အထိ သံယောဇဉ်တွယ်၊ ချစ်ခင်ခဲ့ရသလဲ ဆိုတဲ့ သဘော တရားကြောင့်ပေါ့ကွာ”

လှဌေးရဲ့ဓာတ်ပုံကို ကျွန်တော်နဲ့ အတူ မော့ကြည့် နေကြတဲ့ ကလေးနှစ်ယောက် ရဲ့ပခုံးကို ခပ်ဖွဖွ ဖက်လိုက်စဉ် မှာပဲ ကျွန်တော့်ကို အားကိုးတကြီး ပုံစံတွေနဲ့ ပြန်လည် ဖက်တွယ်ရင်း ငိုရှိုက်စပြုလာ တဲ့ ကလေးနှစ်ယောက် ကြောင့် ကျွန်တော့်မျက်ဝန်း အိမ်ထဲက မျက်ရည် တစ်ပေါက်ဟာ ကြမ်းပြင်ပေါ်သို့ ဖြောက်ခနဲ ကျဆင်းသွားခဲ့ရ ပါတယ်လေ။

အချစ်ကြောင့် မှားကြတယ်

တရွေ့ရွေ့ ထွက်ခွာလာတဲ့ နွားလှည်းပေါ်ကနေ ကော့ရပ်ရွာ ရှိရာဘက်ကို ပြန် ကြည့်လိုက်တဲ့ အခါမှာတော့ မိုးငွေ့တွေ ဝေ့နေတဲ့ ကျွန်တော့်တို့ ရွာကလေးဟာ “မပြန်ပါနဲ့ဦး လင်းထွဋ်ရယ်”လို့ ပြောဆို၊ ငိုကြွေးပြီး  ကျွန်တော့်ကို တားဆီး နေသယောင် ယောင်ပါပဲ။ ရွာထိပ် ကုက်္ကိုပင် အောက်မှာ လက်ပြနှုတ်ဆက် ရင်း ကျန်ရစ်ခဲ့ကြတဲ့ မြခက်နဲ့ သားနှစ်ယောက်ကတော့ ဆက်လက် ငိုရှိုက်နေဦးမှာ အသေအချာပါပဲ။ ထုံးဖြူဖြူ စေတီ ကလေးနဲ့ ဝေးသထက် ဝေးပြီး သေးသထက်သေး လာတဲ့၊ အုံ့ဆိုင်း သာယာလှပလွန်းတဲ့ ကျွန်တော့်တို့ ရွာက လေးကို ကြည့်ရင်း ရင်ထဲမှာ မွန်းကျပ်ပြည့်သိပ် လာတဲ့ အတွက် ရန်ကုန် မပြန်တော့ဘဲ လှည်းပေါ်က ခုန်ချပြီး ရွာဘက် ပြန်ပြေးသွားချင် စိတ်တွေ ပေါ်ခဲ့ရပါတယ်။ ရွာမှာ ဆက်နေဖြစ်ခဲ့တဲ့ ၁၅ ရက် လောက်အတောအတွင်းမှာ  ကျွန်တော့်ဆွေမျိုးတွေရဲ့ ပြု စု၊ ယုယ၊ ဂရုစိုက်မှုထက် အဆများစွာ ပိုသာတဲ့ မြခက်နဲ့ ကလေး နှစ်ယောက်ရဲ့ ဧည့်ဝတ် ကျေပွန်မှုတွေဟာ ကျွန်တော့် ရင်ထဲက သံယောဇဉ်ကြိုးကို ဆွဲဆန့်သလို ဖြစ်ခဲ့တာ အမှန်ပါ။

ဘာပဲဖြစ်ဖြစ် လှဌေးကို အချိန်ပြည့် သတိရ၊ တမ်းတ နေတတ်ကြတဲ့ သားအမိ တစ်တွေဟာ တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်တော့်ကို ဖြူစင်မှု များစွာနဲ့ တွယ်မိတွယ်ရာကြံ ဖန်တွယ်ခဲ့ကြတယ် ဆိုတာ သိလိုက်ရတဲ့ အတွက် ပီတိ များစွာနဲ့ ရင်နာရပြန်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ မီးလိုပါပဲလေ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူဆိုတာ သေချာခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးမှာ ဦးတင်ငွေ၊ လှဌေးနဲ့ မြခက်တို့ တစ်ယောက်မှ မမှားကြဘူးလို့ ကျွန်တော် ယူဆပါတယ်။ သူ့နည်းသူ့ဟန်၊ သူတို့ အတ္တနဲ့ သူတို့ အကုန် မှန်နေကြမှာပါ။ မှားခဲ့ကြတယ် ဆိုရင်လည်း ပုံစံ အမျိုးစုံနဲ့ လူတွေ ကြားထဲ ၀င်ရောက်လာတတ်တဲ့ အချစ် ဆိုတာကြီးကြောင့် မှားကြတာပဲဖြစ်မှာပါ။

ဒီလိုနဲ့ပဲ လှည်းပေါ်မှာ ထိုင်ပြီး မျက်ရည် အရွှဲသားနဲ့ လိုက်ပါ လာခဲ့ရတဲ့ ကျွန်တော့် ကိုယ် ကျွန်တော်လည်း “ငါ ဘာများ မှားခဲ့လို့ ဒီလောက် အထိ ငိုနေရတာလဲ”လို့ ပြန်လည်သုံးသပ် ကြည့်တဲ့အခါ မှာတော့ အဲဒီ အချစ် ဆိုတာကြောင့်ပဲ သနားစရာ မြခက်တို့ သားအမိ တစ်တွေကို တွယ်မိတွယ်ရာ ကြံဖန် တွယ်လိုက်မိလို့ ကျွန်တော်လည်း သူတို့ နဲ့ ထပ်တူမှားပြန်တယ်ဆိုတာ သိလိုက်ရပါတယ်။ 


ထွန်းတောက်ထွဋ်၊သင်္ချာ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)

No comments:

Post a Comment