စာသင်ခန်း တစ်ခန်း၏ ရှေ့ဆုံးက ခုံတန်းများကို မြင်တိုင်း ကျွန်မသည် ရှစ်တန်းတုန်းက ကျွန်မ ထိုင်ခဲ့ ရဖူးသော ရှေ့ဆုံးက ခုံလေး တစ်ခုံကို သတိရမိ တတ်သည်။
ဆရာမ စားပွဲရှေ့က ခုံလေး။ ထိပ်ဆုံးမှ ခုံလေးတစ်ခုံ။ ထိုခုံကလေး တစ်ခုံသည် ကျွန်မကို အချိန် မတန်ခင် စောစီးစွာပင် လူတို့၏ အကြောင်းကို သိစေခဲ့ပါသည်။ နှလုံးသားတို့ ရှင်းသန့်ဖြူစင် လွန်းသေးသော ဆယ်ကျော်သက် အရွယ်လေးတွင် ကြုံတွေ့ခဲ့ ရ၍ပဲ လားမသိ၊ ခါးသက်ဖွယ် မြင်ကွင်းတို့က ကျွန်မ နှလုံးသား တစ်ခုလုံးကို အခါး မျိုးစေ့တို့ ကြဲပက် သွန်းဖျန်းတော့သည်။ ပင်လုံးကျွတ်အောင် ခါးသော ထိုအခါးကို ကျွန်မဘ၀ တစ်လျှောက်လုံး ဆေးဖက် ၀င်စေရန် မနည်း ကြိုးစား ခဲ့ရသည်။
စာအုပ်တွေထဲက ဖတ်ခဲ့ဖူးသော စံပြ လူတို့ကို ကြည်ညို ကိုးကွယ်ချင်သော ကျွန်မသည် စာအုပ်တွေ ထဲက စံပြ ဇာတ်ကောင်ကို အပြင်မှာ လိုက်ရှာခဲ့ မိသည်။ ကျွန်မ စိတ်ကူးထဲက စံပြ ဇာတ်ကောင်သည် ရိုးဖြောင့်သော၊ စိတ်မာကျောသော၊ တော်သော၊ ထက်မြက်သော လူတစ်ယောက်သာ။ ကျွန်မသည် စာအုပ်တွေ ထဲက လူတွေနှင့် တူသော လူတစ်ယောက်ကို ကျွန်မ၏ စံပြအဖြစ် တွေ့ခဲ့ရပါသည်။ ငယ်ဘ၀ တစ်လျှောက်လုံး ကျွန်မကို သူက လွှမ်းမိုးနိုင် ခဲ့ပါသည်။ သူက ကျွန်မတို့ အလယ်တန်း ကျောင်းကလေးမှ ဆရာမ တစ်ယောက်သာ။
သူ့နာမည်ကို ကျွန်မ ငယ်ဘ၀ တစ်လျှောက်လုံးတွင် ကျောင်းဆရာမ ဖြစ်သူ မေမေ့ထံမှ အမြဲတမ်း ကျွန်မ ကြားဖူးခဲ့ ရသည်။ ဆရာမ အင်္ဂလိပ်စာ တော်ကြောင်း၊ နှံ့စပ်သိမြင် လွန်ကြောင်း၊ မည်သည့် အခါကမှ ကျူရှင် မသင်ကြောင်းများ အပြင် သူထုတ်သော မေးခွန်းကို ဆရာမ အချင်းချင်း ထဲမှာပင် တစ်စွန်းတစ်စ မပေါက်ကြားအောင် ထိန်းသိမ်းနိုင်စွမ်း ရှိကြောင်း စသည်တို့သည် လူတို့၏ အမျိုးမျိုးသော သဘောထား တို့ဖြင့် ဆရာမ အသိုင်းအ၀ိုင်း၌ ကျော်ကြားလွန်း လှသည်။ ဆရာမကို မည်သည့် အရာကမှ ဖြားယောင်းသွေးဆောင် ခြိမ်းခြောက်၍ မရဆိုသည် ကပင် သူရဲကောင်း ဆန်လွန်းလှ၏။ ဆရာမသည် ကျောင်းသားကို ကျောင်းသားကဲ့ သို့ပင်မြင်တတ် သောကြောင့် မကြာခဏ ဆိုသကဲ့သို့ အားစမ်းပွဲ လေးများကို ဆင်နွှဲရသည် ဟူ၏။ “နွယ်နွယ်က လုံးဝကို မကြောက်တတ်တာ” ဟု မေမေ ချီးကျူးညည်းညူ ပြောတိုင်း ကြောက်စိတ်ကို မုန်းတတ်သော ကျွန်မသည် ဆရာမကို အားကျ အတုယူမိ တတ်ခဲ့၏။ နီးစပ် ပတ်သက်ရာ တပည့်များ အတွက်အမှတ် တစ်မှတ်မျှ တိုးလိုချင်သော ဆရာမတို့သည် ဆရာမ ဒေါ်နွယ်နွယ်ရှေ့၌ နာကျင် ရှုံးနိမ့် ရမြဲ။ အမှတ်ပေး စည်းမျဉ်းအတိုင်း တစ်စွန်း တစ်စမှ အပွန်းပဲ့ မခံလွန်းသော ဆရာမသည် ဆရာမ အသိုင်းဝိုင်း၌ မုန်းသူများခဲ့ ရသည်။ ဦးချစ်မောင်ကို ကြည်ညိုချင်သော၊ နောမန် ဗက်သွန်းကို အားကျတတ်သော၊ ဗိုလ်ချုပ် အောင်ဆန်းကို ကိုးကွယ်ချင်သော ကျွန်မအတွက် ဆရာမသည် ကျွန်မ၏ သူရဲကောင်း ဖြစ်ခဲ့ပါသည်။ ကျွန်မ၏ သူရဲကောင်းသည် ကျွန်မကို လွှမ်းမိုးလွန်း လှ၏။
ကျွန်မ ရှစ်တန်းနှစ်သို့ ရောက်သည့်အခါ ဆရာမ အတန်းပိုင် ရသော အခန်း၌ တက်ရမည် ဆိုရာ ကျွန်မကဲ့သို့ ပျော်သူပင် မရှိနိုင် တော့ဟု ထင်အောင် ပျော်ခဲ့သည်။ နာမည်ကျော်သော ဆရာမက နာမည်ကျော် လောက်အောင်ပင် စာကြည့်တိုက် မရှိသော ကျောင်းကလေး အတွက် စာကြည့်တိုက် တစ်ခု မဖန်းတီး ပေးနိုင်ခဲ့ သော်လည်း အတန်းတွင်း စာကြည့်ခန်းလေး လုပ်ဖို့ကိုတော့ ကျောင်းပထမဆုံး နေ့မှာပင် အတန်းကို နားဝင်အောင် စည်းရုံး နိုင်ခဲ့သည်။ ထိုအခါ စာဖတ် ၀ါသနာ ပါသော ကျွန်မသည် ဆရာမကို ပိုကြည်ညိုရ တော့သည်။ အတန်းတွင်း စာကြည့်တိုက် လေးသို့ ကျွန်မ စုဆောင်းထားသော စာအုပ်လေး များကို ရက်ရက်ရောရော ပင်လှူခဲ့ ပါ၏။
ကျွန်မနှယ် အိမ်တွင် စာအုပ် မများသော ကျွန်မ သူငယ်ချင်း တချို့တို့သည် လည်း သူတို့အိမ်က စာအုပ်များကို ယူလာကြသည်။ ကိုယ် မဖတ်ရသေးသည်ကို သူယူလာ၊ သူမဖတ် ရသေးသည်ကို ကိုယ်ယူလာနှင့် စာမသင် သေးသော ကျောင်းတက်ခါစ ရက်များ၌ ကျွန်မတို့ အတန်းကလေး ထဲတွင် အချင်းချင်း စာအုပ်များ လဲဖတ်ကာ ပျော်ရွှင် ဝေစည် နေခဲ့သည်။ အိမ်တွင် စာအုပ် မရှိသူတို့ကလည်း စာအုပ် အသစ်များ ၀ယ်လှူကြသည် ဖြစ်၍ ကျောင်းသားများ လှူသော စာအုပ်တို့ဖြင့် အခန်းထောင့်မှ စာအုပ်စင် လေးသည် တံခါးကို မနည်းစေ့ ပိတ်ရအောင်ထိ ပြည့်ညွတ်သွား တော့၏။ အခန်းထဲ သို့ဝင်လာသော ဆရာမတိုင်းက ကျွန်မတို့ အတန်း၏ စာအုပ်စင် ကလေးကို အံ့သြစွာကြည့် ရှုကြပါသည်။ တချို့က ကြည်နူးနှစ် သိမ့်စွာ၊ တချို့ကတော့ မလို မုန်းထားစွာ၊ တချို့က လှောင်ပြောင် သရော်ကာ။ လူအမျိုးမျိုး ဖြစ်ပေရာ တွေးသော ရှုထောင့် အမျိုးမျိုးဖြင့် စာအုပ်စင် လေးကို ကြည်ရှု ခဲ့ကြ ပါလိမ့်မည်။ တခြား အတန်းမှ ကျောင်းသားများ၊ ဆရာမ များ၏ထင်မြင် သုံးသပ်ချက် များကို အတန်းထဲမှ ကျွန်မ သူငယ်ချင်းများက စိတ်ဝင် တစားဖြင့် စူးစမ်းလေ့လာ ချိန်တွင် ကျွန်မသည် စာကြည့်ခန်းလေး အတွက်စာအုပ် တစ်အုပ်ကိုမှ မလှူခဲ့သော ဆရာမကို အံ့သြနေခဲ့ မိ၏။
ကျွန်မတို့ ခေတ်တုန်းက ရှစ်တန်းသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည့်အပြင် သိပ္ပံ၊ ၀ိဇ္ဇာလမ်းခွဲ ဖြစ်၍ စာမေးပွဲ တစ္ဆေသည် ဆယ်တန်းနှယ် မခြောက်လှန့် နိုင်သော်လည်း အထိုက် အလျောက်တော့ ကျွန်မတို့ကို ခြောက်လှန့်နိုင် ခဲ့၏။ တစ်ခါမှ ကျူရှင် မတက်ဖူးသော ကျွန်မကို မေမေက အင်္ဂလိပ်စာ ကျူရှင် ထားမည်ဟု ဆိုသည်။ သိပ်မကြာခင် မှာပင် ကျွန်မသည် ကျူရှင် မသင်သော အတန်းပိုင် ဆရာမ၏ သမီးသင်သော ကျူရှင်မှာ အင်္ဂလိပ်စာ တက်ရတော့သည်။ ဆရာမ၏ သမီးသည် ကျောင်းပြီးခါစ လေးသာဖြစ်၍ ကလေးရုပ်ပင် မပျောက်ချင် သေးပါ။ ဆရာမ ဆိုလျှင်အတွေ့ အကြုံများမှ သင်ကြားမှု စိတ်ချရ သည်ဟု ယုံကြည်တတ်သော မေမေ့ကို ဆရာမ ဒေါ်နွယ်နွယ် ဘယ်လိုစည်းရုံး လိုက်ပါလိမ့်ဟု ကျွန်မ အံ့သြနေခဲ့ မိသည်။ ဆရာမ၏ သမီး တီချယ်လေး၏ ကျူရှင်တွင် ကျွန်မတို့ အတန်းထဲမှ လူဆယ်ယောက် ခန့်ကို တွေ့ရ၏။ မည်သည့်အဆက် အသွယ်များနှင့် တီချယ်လေး၏ ကျူရှင်ကို သူတို့လာတက် ပါလိမ့်ဟု အတန်းထဲမှ လူတွေကို ကြည့်ကာ ကျွန်မ စဉ်းစားအံ့သြ နေမိ ပြန်ပါသည်။ ဆရာမသည် ကျွန်မတို့ အုပ်စုကို သူ့သမီး ကျူရှင်မှာ တက်နေသူများ ဖြစ်သည်ဟူ၍ မျက်နှာသာ ပေးခြင်းလည်း မရှိပါ။ ဆရာမသမီး ကျူရှင် သင်သည်ကို ဆရာမ အသိုင်းအ၀ိုင်း ထဲတွင်ပင် သိသူနည်း လှ၏။
ဆရာမသည် သူ့သမီး တီချယ်လေး ကျူရှင်သင် သည်ကို မကန့်ကွက် သော်လည်း သူ့အိမ်မှာ တော့ဖြင့် ကျူရှင်ဖွင့်ခွင့် မပေးပါ။ မေမေက “ကျောင်း ဆရာမ တစ်ယောက်ရဲ့ သိက္ခာကို သိပ်တန်ဖိုး ထားတာ”ဟု တီချယ်လေးက ကျွန်မတို့ကို စကားကြုံတိုင်း ဆိုတတ်၏။ ဆရာမသည် အတန်းထဲမှာ စာသင်သည့် အခါတိုင်း “တီချယ်တို့က ပညာကို ငွေနဲ့လဲ မစားဘူး” ဟု ထပ်ကာထပ်ကာ ဆိုတတ်မြဲ။ အကြောင်းကြောင်း များကြောင့် ကျူရှင် သင်နေရရှာသော တချို့သော ဆရာမတို့ကို သွယ်ဝိုက် သောအားဖြင့် ထိခိုက်စေသည့် စကား တိမ်ရိပ်တို့ကို ဆရာမ ဆင်လာပြီဆို လျှင်တော့ မည်သည်ကို အားနာမိမှန်း မသိနိုင်အောင် ဖြစ်ကာ မျက်နှာတို့ နွေးပူလာတတ် ပြန်သည်။ ကျွန်မ၏ သူရဲကောင်းကို စာအုပ်ထဲမှ သူရဲကောင်း များနှင့် နှိုင်းယှဉ်ကာ နှမြောမိ ပြန်သည်။
မည်သို့ပင် ဖြစ်စေ ရိုးဖြောင့်သည် ကိုတော့ ကြည်ညိုချင်ဖွယ် ကောင်းသည်ဟု ကျွန်မ ထင်မိဆဲရှိ ပါသေးသည်။ ဆရာမများ နားနေခန်း ထဲသို့ အကြောင်း တစ်ခုခုဖြင့် ကျွန်မရောက်တိုင်း ထောင့်တစ်ထောင့်မှာ ထိုင်ကာ အင်္ဂလိပ်ဝတ္ထု စာအုပ် တစ်အုပ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေသော ဆရာမပုံမှာ အထင်ကြီး စရာ ကောင်းသည်ဟု ကျွန်မက ထင်မိမြဲ။ ပျော်ရွှင် လွတ်လပ်စွာ ရယ်ပွဲဖွဲ့နေ ကြသော ဆရာမ အုပ်စု ကြားထဲ၌ ဆရာမ ပုံသည် ထီးထီးဆန်ကာ ထင်ရှားနေ ခဲ့၏။ မည်သူ့ကိုမှ သိပ်ဂရု မစိုက်ဟန် ခပ်တင်းတင်း မျက်နှာထားက အရှိန်အ၀ါ တစ်ခု စီးမျောနေ သကဲ့သို့ မျက်မှန်အောက်မှ ညိုရီ မှိုင်းမှောင်သော မျက်ဝန်းများထဲ တွင်တော့ ကျွန်မ ခွဲခြားရခက်သော အရိပ်တို့ ဖြတ်သန်း နေတတ်မြဲ။ တစ်ခါတလေ တော့လည်း ဆရာမ မျက်လုံးများကို ကြည့်ရသည်မှာ ကျောစိမ့် ချင်စရာ ကောင်းသည်ဟု ကျွန်မ ထင်တတ်ခဲ့သည်။
ပထမ လပတ်များ နီးလာသော အချိန်တွင်တော့ ဆရာမသည် အတန်းကို ကြေညာချက် တစ်ခု ထုတ်ခဲ့၏။ ပထမပတ် စာမေးပွဲမှ ရသော အင်္ဂလိပ်စာ အမှတ် အနည်းအများ အတိုင်း ထိုင်ခုံများ၌ ထိုင်ရမည်ဟု ဆိုသည်။ သူငယ်ချင်းနှင့် ခွဲပြီး ထိုင်ရမည်ကို စိတ်ပူသူ တို့က စိတ်ပူကြ၊ စိတ်ပျက်သူ တို့က စိတ်ပျက်ကြနှင့်။ တချို့က သဘောတူ ပျော်ရွှင်ကာ စိတ်လှုပ်ရှား ကြဖြင့် ဆရာမ အစီ အစဉ်သည် အတန်းကို လှုပ်ခတ်ဝေစည် စေခဲ့၏။ ကျွန်မနှင့် အတူတူ အမြဲထိုင်သော အမြဲ ပထမ နေရာက မဆင်းသည့် ကျွန်မ သူငယ်ချင်း အေးအေးသီ ကတော့ ကျွန်မကို ခင်သူပီပီ ကျွန်မနှင့် ခွဲရမှာ ကြောက်ပြီး စာကျက်ဖို့ချည်း တွင်တွင် ဆိုပြန်သည်။
ကျွန်မက ကျောင်းစာ ကျက်ရန်ထက် အပြင် စာအုပ်တွေ ဖတ်ရသည်ကို ၀ါသနာ ပါသူဖြစ်ရာ တစ်ခါတလေတော့ အဆင့်တစ်၊ နှစ်၊ သုံးထဲတောင်မှ မ၀င်တတ်ပါ။ ခုနစ်၊ ရှစ် ဖြစ်ချင်ဖြစ်နေ တတ်သောကြောင့် အေးအေးသီက ကျွန်မအတွက် စိတ်ပူနေ၏။ သူ့အတွက် ထိပ်ဆုံးက ခုံသည်သေချာ နေသော်လည်း ကျွန်မ နံဘေးမှာ နေရဖို့က မသေချာ၍ သူက တတွက်တွတ်နှင့် ကျွန်မကို စာကြိုးစားရန် ဆိုဆဲ၊ ကျွန်မကတော့ ကလေးပီပီ ဆရာမ၏ ဆန်းသစ်သော စိတ်ကူးကို သဘောကျ နေခဲ့၏။ “ကဲ- ကြည့်ပါဦး၊ ဘယ်လောက်တောင် ဆန်းသစ်လဲ” ဆို သည်ကို။ ကျွန်မ ကျောင်းတက်သော ကာလ တစ်လျှောက်လုံး မည်သည့် ဆရာမမှ မရခဲ့ဖူးသည့် စိတ်ကူးပင်။ တွေးကြည့်ရုံ ဖြင့်ပင် ပျော်စရာကောင်း လှပြီ။ “ဘယ်သူက ပထမခုံ ရနိုင်သည်။ ဘယ်သူကတော့ ဒုတိယ နေရာ၊ ဘယ်သူ ကတော့ဖြင့် ဘယ်နေရာမှာ” စသဖြင့် စိတ်ကူးဖြင့် မှန်းပေးကြည့် ကြရင်း ကျွန်မတို့ ငြင်းခုံ ကြပြန်သည်။ အလောင်းအစား လေးများပင် ပါလိုက် သေး၏။ မုန့်ဝယ် ကျွေးကြေးဖြင့် ရှေ့ဆုံး ခုံများကို နေရာတစ်ကြို ပေးခဲ့ကြသည်။ စာတော်သူ မမများက အပြင်းအထန် ကြိုးစား ကြသလို နောက်တန်း ရောက်မည်ကို ကြောက်သဖြင့် စာအုပ်ကိုင်သူ တို့က ကိုင်ကြသည်။ ယခင်ကဲ့သို့ ရီပို့ကတ် ထဲမှာတင် ပြီးမည့်အရာ မဟုတ်မူ၍ မိမိအရည် အချင်းနှင့် မိမိ ထိုင်ခုံလေး တစ်လုံးကို ရအောင် ယူရမည့် ပွဲဖြစ်ရာ အားလုံး စိတ်လှုပ်ရှား ကြ၏။
ကျွန်မတို့ ကျောင်းလပတ် စာမေးပွဲ မဖြေခင် ဆယ်ရက်ခန့် အလိုတွင် တီချယ်လေးသည် ကျွန်မတို့ကို ကျူရှင်မှာ အင်္ဂလိပ်စာ စာမေးပွဲလေး တစ်ပွဲဖြေခိုင်း ခဲ့၏။ ကျွန်မတို့ ကျူရှင်မှာက စာသိပ် မလုပ်သူ များ၍ မင်နီရာ ဗရပွနှင့် စာရွက်များကို ကိုင်ကာ တီချယ်လေး စိတ်တို နေခဲ့သည်။ တစ်ယောက်ချင်း စီ၏ အမှားတို့ကို ရှင်းပြကာ ထိုမေးခွန်း အတိုင်းပင် နောက်တစ်ကြိမ် ထပ်စစ်ပြန်သည်။ ဒုတိယ တစ်ကြိမ်တွင်မူ အများစုက အဆင်ပြေ စွာ ဖြေနိုင်သော်လည်း အဆင် မပြေသူ နှစ်ယောက်၊ သုံးယောက်လောက်ကို တီချယ်လေးက အချိန်ပို ထပ်ခေါ်ပြီး ထပ်လုပ်ပေးပြန် ပါသေးသည်။ တတိယ တစ်ကြိမ် ထိုမေးခွန်း ကိုပဲ ပြန်ဖြေရသော အခါတွင်မူ ကျွန်မ နားမလည် နိုင်အောင် ဖြစ်ရတော့သည်။
ကျွန်မ နားမလည် နိုင်အောင် ဖြစ်ခဲ့ရသော အဖြေကို စာမေးပွဲ မေးခွန်း မြင်ရသော အခါမှာ တိကျ သေချာစွာ နားလည်လိုက် ရပါတော့သည်။ ကျွန်မသည် မေးခွန်း စာရွက်ကို ကိုင်ကာ တုန်ယင်အံ့သြ နေခဲ့၏။ ကျွန်မ ရင်ထဲက သူရဲကောင်း ရေခဲရုပ်တု ကြီးသည် တစ်စစီ အရည်ပျော် သွားသည်ကို ကြည့်ကာဝမ်းနည်း နာကျင် လာခဲ့၏။ စာရွက်ကို ကိုင်ကာ ငေးငိုင်လျက် မည်သို့ လုပ်ရမည် ဆိုသည်ကို ကျွန်မစဉ်းစား နေမိပြန်သည်။ အဖြေအားလုံး တို့ကို ကျူရှင်မှာ အထပ်ထပ် လေ့ကျင့်ပြီးသား ဖြစ်၍ကျွန်မ သိနေခဲ့ ပြီးပြီ။ အားလုံး သိနေသော အဖြေများကို လွယ်လွယ်ကျွန်မ ရေးချ လိုက်ရမည်လော။ မည်သည်မျှ မဖြေမူ၍ ပေးလိုက်မည်လော စိတ်တိုက်ပွဲ ထဲ၌ ကျွန်မသည် ယိုင်ထိုးမူးဝေ နေခဲ့သည်။ သို့သော် နတ်ဆိုးသည် ကျွန်မကို လှည့်စား ခဲ့လေသလော။ ဆရာမ ရှေ့ကထိုင်ခုံ ကလေးသည် ကျွန်မကို ညှို့ခေါ် နေခဲ့သည်။ ကျွန်မ ကိုယ်တွင်းထဲမှ နောက်တစ်ကိုယ်ကို ကျွန်မသည် ရုတ်ခြည်း မြင်မိတော့သည်။ သိုသိပ်စွာ ပုန်းအောင်းနေသော ထိုတစ်ကိုယ်က ကျွန်မကို အဖြေများ ရေးချလိုက်ရန် တိုက်တွန်း နေပြန်သည်။ ထိုအခါ အဖြေမှန် အားလုံးကို မရေးချခဲ့ သော်လည်းတော်တော် များများကိုတော့ ကျွန်မမှန်အောင် ဖြေခဲ့လိုက် မိပါသည်။
စာမေးပွဲ ခန်းထဲက ထွက်သည့် အခါ ထုံးစံအတိုင်း အေးအေးသီနှင့် ကျွန်မ အဖြေတွေ တိုက်ကြတော့ အေးအေးသီ မည်သည့် နည်းနှင့်မှ ကျွန်မထက် အမှတ် မပိုနိုင်ကြောင်း သိလိုက်၏။ သို့သော်ကျွန်မ မပျော်ပေ။ လေးလံ ထိုင်းမှိုင်းသော စိတ်များဖြင့် ရှုပ်ထွေးဝေရီ နေခဲ့သည်။ မတရား မှုကို ကျွန်မဖန်တီး လုပ်ဆောင်သည် မဟုတ်သော်လည်း မတရားမှု ယန္တရား ထဲမှ ၀က်အူလေး တစ်ချောင်းအဖြစ် ပါဝင်ကာ ခင်သော သူငယ်ချင်းကို သစ္စာဖောက်မိ လိုက်ချေပြီ။ ကျွန်မ ဖတ်ထားသော စာတွေက ကျွန်မကို လှောင်ပြောင် သရော်ကြ၏။ အေးအေးသီ ကမူ ပကတိ ဖြူစင် ရိုးသားစွာပင် ကျွန်မအတွက် စိတ်ပူ၏။ ကျွန်မထံတွင် ကျွန်မ ကျဆုံးရင်း တရိရိဖြင့် ကိုယ့်ကိုယ်ကိုယ် နာကျင် မုန်းတီး မိတော့သည်။
လပတ် စာမေးပွဲ အမှတ် စာရင်းများ ထွက်လာသော အခါ ကျန်သော ဘာသာများ၏ အမှတ်စာရင်း တို့သာ ထွက်လာပြီး အင်္ဂလိပ်စာ အမှတ် တော်တော်နှင့် မထွက်လာ သေးပါ။ ဆရာမသည် အတန်းသား များ၏ သိချင်စိတ်ကို အဆုံးစွန် ဆုံးထိဆွဲ၍ ထားခဲ့သည်။ အားလုံး အမှတ်တို့ သိရပြီး နောက်ဆုံး ကျမှသာ ဆရာမသည် မျက်နှာ တည်တံ့စွာဖြင့်ပင် အမှတ် စာရင်းကို ကြေညာခဲ့၏။ အတန်းသား အားလုံးတို့ ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားသော အံ့သြမှုကို ဆရာမက မကြားယောင် ပြုကာ အမှတ်စာရင်း ကြေညာအပြီး နေရာပြောင်းရန် စီစဉ်တော့သည်။
ခုံနံပါတ် ၁ ဟုဆိုကာ ကျွန်မ နာမည်ကို ဆရာမက ခေါ်သည်။ ကျွန်မသည် မည်သူ့ မျက်နှာမှ မကြည့်ရဲ၊ မျက်နှာ သိမ်ငယ်စွာ ထိပ်ဆုံးခုံမှာ ၀င်ထိုင်ရ၏။ ကျွန်မ နံဘေးမှာမူ အင်္ဂလိပ်စာ အမှတ် ကိုးဆယ်ရသော လေးဘာသာကျ အောင်အောင်က မျက်နှာ ဖြဲစပ်စပ်ဖြင့် ထိုင်၏။ သူ့ဘေးမှာ ငါးဘာသာ ကျသူများ။ အားလုံးက အံ့သြသည်။ ဆရာမသည် ကျွန်မတို့ကို ညွှန်ပြကာ ကျွန်မတို့ ကဲ့သို့ ကြိုးစားရန် ဆိုသောအခါ နောက်တန်းဆီက ဟက်ခနဲရယ် လိုက်သံကို ကြားလိုက်ရသည်။ ကျွန်မသည် ရုတ်ခြည်းပင် ထိုနေရာမှ အငွေ့ပြန် ပျောက်ကွယ်လိုက် ချင်သည်။ ကျွန်မသည် ကိုယ့်ရှေ့မှောက်တွင် သိမ်ငယ် လဲပြိုနေသော ကိုယ့်ကိုယ်ကိုယ် အတိုင်းသား မြင်နေရကာ နာကျင်ဝမ်း နည်းလာခဲ့သည်။ တစ်တန်းလုံး ရိပ်မိနေသော အမှန်တရား ထဲတွင် ကျွန်မသည် သိမ်ငယ်သေးကျုံ လာ၏။ ထိုအခိုက် လေးလိုင်းမြောက် ခုံမှ အေးအေးသီ၏ ရှိုက်သံက ပီသ ကြည်လင်စွာ ထွက်လာခဲ့သည်။ ဆရာမသည် အတန်းထဲမှာ မည်သို့မျှ ဖြစ်မနေသည့် အတိုင်း သူလုပ်စရာ ရှိသည် တို့ကိုသာ ဆက်လုပ်နေ ခဲ့၏။ ကျွန်မသည် ဆရာမကို ကြည့်ကာ ကြောက်ရွံ့လာဆဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ရွံမုန်း၍ လာခဲ့ပြီး နံရံတစ် ဖက်ကိုသာ တွေငေး စိုက်ကြည့် နေခဲ့သည်။
ကြာတော့ ကြာခဲ့ပါပြီ။ သို့သော် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာလာသည့်တိုင် ရှေ့ဆုံးခုံ များကို မြင်တိုင်းကျွန်မ မျက်နှာတို့ ဖြန်းခနဲ နွေးပူတုန်း ရှိပါသေးသည်။ ဆရာမ ကဲ့သို့ လူပေါင်း များစွာကို ဘ၀လမ်း တစ်လျှောက် မြင်တွေ့ခဲ့ ဖူးပေါင်း များလှပြီ ဖြစ်၍ မထူးဆန်းတော့ သကဲ့သို့ ကျွန်မသည်လည်း စာအုပ်ထဲက စံဇာတ်ကောင်ကို အပြင်မှာ လိုက်ရှာတတ်သော ကောင်မလေး တစ်ဦး မဟုတ်တော့ပြီ ဖြစ်ရာ အေးအေးသာသာ ကြည့်နေ နိုင်ခဲ့ပြီ။ ဆရာမလည်း အိုလှပြီ။ နှလုံး သမားတော်ကြီး အေးအေးသီထံ ဆရာမ ပုံမှန်ဆေးခန်း လာပြသည်ဟု ကျွန်မ ကြားပါသည်။ ဟောင်းနွမ်းသော အတိတ်ထဲ၌ ခုံလေး တစ်ခုံသည် ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် အကြားရှိ ခင်မင်မှုနှင့် ယုံကြည်မှု တို့ကို တစ်သက်စာ ရိုက်ချိုး နိုင်ခဲ့၏။ ခုံလေးသည် ကျွန်မ ရင်ထဲ၌ တစ္ဆေလို ပုန်းခိုတွယ်ကပ် နေဆဲ။ သတိရတိုင်း သူက ကျွန်မကို ခြောက်လှန့်ကာ နေသည်။ အတိတ်ဆို သည်မှာ အမှန်စင်စစ် ဆွေးမြည့်လွယ် သောအရာ မဟုတ်ပေ။ တစ်စုံတစ်ယောက်က ကျွန်မကို ရိုးသားလွန်း သည်ဟု ချီးကျူးသည့် အခါတိုင်း အတိတ် တစ္ဆေသည် ကျွန်မကို ကိုယ်ထင်ပြကာ ခြောက်လှန့် လှောင်ပြောင် နေဆဲပင်။
လမ်းဟောင်းလေးထဲမှ ခြေရာတို့သည် မှေးမှိန်လွန်း သော်လည်း မြဲခိုင်လွန်း လှ၏။ ဖျောက်ဖျက်ပစ်ရန် မလွယ်လှသော ခြေရာတို့ သည်ပင် ကျွန်မတို့၏ စာမျက်နှာ များလော။ ဘ၀များ ပင်လော။ ခြေရာတို့ ကမူ အုတ်ဂူပေါ်မှာ ကျွန်မနာမည် ထိုးပြီးသည့်တိုင် ခိုင်မြဲ နေဦးမည်မှာ သေချာလွန်း လှသည်။

ပန်းရိပ်ဖြူ
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)
No comments:
Post a Comment